ကလေးမမွေးမီ ကြိုတင်ပြင်ဆင်သည့် အချိန်မှအစပြု၍ ဆယ်ကျော်သက်အရွယ် အပျိုပေါက်၊ လူပျို ပေါက်အဆင့်အထိ ပြုစုပျိုးထောင်နည်းများကို Perfect မဂ္ဂဇင်း စထုတ်ဝေသည့် အမှတ်(၁) ကတည်းကစ၍ အခန်းဆက်ရေးသား ပေးခဲ့ရာ စာဖတ်ပရိသတ် နှစ်သက်ကြကြောင်းကို သိ၍ ဝမ်းသာ ရသည်။
Perfect အုပ်စု ရတနာသိုက်စာပေမှလည်း ထိုဆောင်းပါး ပေါင်းချုပ်ကို ‘ရင်သွေးရတနာကလေးများအတွက်’ အမည်ဖြင့် အရောင်းရ အသွက်ဆုံးစာအုပ် စာရင်းဝင် အဖြစ် MRTV-4 မှကြေညာသည့်ထဲတွင် ပါလာတော့ ကိုယ်ပြောချင်တာလေးတွေ မိဘများ သိခွင့်ရပြီ ဟုဝမ်းသာပီတိ ဖြစ်ရသည်။ထိုစာအုပ်ကို အခြေခံ၍ IHBC တွင် သွားရောက်ဟောပြောရာ မမျှော်လင့်ဘဲ MRTV-4 အဖွဲ့ရောက်လာ၍ အစအဆုံး ဗီဒီယို ရိုက်ယူသွားပြီး MRTV-4 အစီအစဉ်မှ နှစ်ပိုင်းခွဲ၍ အကြိမ်ကြိမ် ပြန်လွှင့်ကြောင်း ကြားရတော့လည်း ကျေနပ်ရပြန်သည်။
Perfect ကတော့ နောက်တစ်ခု လုပ်ပါဦးဟု ပူဆာသဖြင့် ‘ဒါ စိုးရိမ် စရာလား’ အခန်းဆက်ဆောင်းပါး ကို ဆက်တိုက် ရေးပေးခဲ့ သည်။ မှတ်မိသလောက်တော့ ခုနစ်ပိုင်းလောက်သာ ရှိမည်ထင်ပါသည်။နိဂုံးချုပ်ရပြန်သည်။ ပရိသတ်က အားမပေး၍ မဟုတ်။ Perfect ကဆောင်းပါးပေါင်းချုပ် ကလည်း မျက်နှာဖုံး အဆင်အပြင် ကြေး(ဂျီး) အများလွန်၍ မမီသဖြင့် တစ်လနားရသည်နှင့် အတော်ပဲ ဖြစ်သည်။ အစကတည်းက စိုင်းစိုင်းနှင့်သက်မွန်မြင့် မတွဲဘဲ ဒေါက်တာရဲ နှင့် စိုင်းစိုင်းတွဲပြီးလမ်းလျှောက်လာတာ ရိုက်ရင်ပြီးရော။ သားအဖ လိုတော့ ရုပ်မတူ။ဘယ်သူမှလည်း ထင်မည် မဟုတ်။ သို့သော်’it’ ခေတ်ကြီး ထဲမှာ ’it’ ကို ဂုဏ်ပြုရာ ရောက်မည်။ နှစ်ယောက်လုံးကတော့ ’it’ ပညာရှင်တွေမဟုတ်။ ဒါပေမဲ့ ဒေါက်တာ ရဲအရပ်နှင့် စိုင်းစိုင်းအရပ် ယှဉ်လိုက်လျှင်’it’ ကို ပြေးမြင်မိနိုင်သည်။ မသက် Operational Director (ခင်သက်ဦး) ကို ဒီအကြံ မပေးလိုက်ရ။
ထို‘ရင်သွေးရတနားကလေးများအတွက်’ ဆောင်းပါးရှည်ကြီး ကိုရေးခဲ့စဉ်က ‘စိန်တုံးကြီးများ’ ဆိုသည့် ဝေါဟာရ တစ်ခုကိုကျွန်တော်မိတ်ဆက်ခဲ့သည်။ ကိုယ်ပိုင်စကားလုံးတော့မဟုတ်။ကျွန်တော့် ဆရာသဖွယ်၊အစ်ကိုသဖွယ် ခင်မင်လေးစားရသော အစ်ကိုကြီး ပါမောက္ခဖေသက်ခင်(ဌာနမှူး၊ ကလေး ကျန်းမာရေးပညာဌာန၊ ဆေးတက္ကသိုလ် မန္တလေး)၏ စကားလုံးဖြစ်သည်။ အသက်တစ်နှစ်ကျော် နောက်ပိုင်း ကျောင်းမတက်ခင် အရွယ်လေးများကို အင်္ဂလိပ်တို့က Toddler ဟုခေါ်သည်။ လိုက်ဆွဲနေရသော အရွယ်ဆိုပါစို့။ ထိုအရွယ်လေးများကို ‘လက်လက်ထ’ နေသည်ဟု မြန်မာ မိဘတို့က သုံးစွဲလေ့ရှိကြသည်။သူကတော့ ကိုယ့်ကလေးကိုယ်’လက်လက်ထနေသည်’ ဟုမပြောချင်၍ ‘စိန်တုံးကြီး’ ဖြစ်နေသည်ဟု ဝင်္ကဝုတ္တိနှင့် ဆိုသည်ဆိုပဲ။ ဒီတော့ ကျွန်တော်ကလည်း Toddler ကလေးများကို ‘စိန်တုံးကြီးများ’ ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။
တကယ်တော့ ‘ရင်သွေးရတနားကလေးများအတွက်’ တွင်ပါဝင်ခဲ့သော ကျွန်တော့် ဆောင်းပါးများမှာ ကလေးများတွင် ဖြစ်တတ်သော ရောဂါများကို ကုသသည့် ဆေးပညာ(Curative Medicine) အပေါ်တွင် အခြေမခံပါ။ ကြိုတင် ကာကွယ်သည့် ဆေးပညာ (Preventive Medicine) နှင့်ပြုစုပျိုးထောင် သည့် ဆေးပညာ (Promotive Medicine) တို့ပေါ်တွင် အခြေခံ ပါသည်။ ဆေးကုနေသော ကလေးအထူးကု ဆရာဝန် တစ်ဦးမို့ တကယ်တော့ ထိုပညာနှစ်ခုကို စိတ်ဝင်စားသော်လည်း ကျွန်တော် မကျွမ်းကျင်ပါ။ကံအားလျော်စွာပင် ထိုဆောင်းပါးရှည်ကြီး စမရေးခင် အချိန်ပိုင်းလောက်က တက္ကဆက်ပြည်နယ်တွင် အခြေချနေထိုင်သော ငယ်သူချင်းကလေးအထူးကုဆရာဝန် ဒေါက်တာ လဲ့ဝေသန့်က’ နင်စာတွေပြန်ရေးနေတယ်ဆိုလို့’ ဟုဆိုကာ ထိုပညာ နှစ်ခုနှင့် စပ်လျဉ်း၍ အဖိုးတန်လှသော စာအုပ်စာတမ်း နှင့်CD ခွေများပို့ပေးလိုက်သဖြင့် အလွန်အသုံးတည့်ခဲ့ရသည်။ ယခုလည်းထိုစာအုပ် အောင်မြင်မှုအတွက် ကျေးဇူးတင်ကြောင်း Email ပို့လိုက်တော့ Toddler အရွယ်နဲ့ ပတ်သတ် တဲ့စာအုပ်များ ပို့ပေးလိုက်ပြီဆိုပဲ။ ‘စိန်တုံးကြီးများအကြောင်း’ ရေးမလို့ကြံတာနဲ့ အတော်ပေါ့။ ခက်တာက စာအုပ်တွေက ရောက်မလာသေး။ ဒီမှာကဖြင့် မသက်က မေးနေပြီ။
ရှိစေတော့။တတ်သလောက် ၊မှတ်သလောက်နှင့် စရတော့မည်။
‘ပြောမရ၊ဆိုမရတဲ့ကလေး’ ဆိုတဲ့ စကားလုံးကပဲ စပါစို့။
ပြောမရ၊ဆိုမရကလေးဆိုတာ
Hyperactive Child ခေါ် ဂဏာမငြိမ်သောကလေးများ အကြောင်း ကျွန်တော် ရေးပြီး ကတည်းက ‘ဆရာ့စာထဲက အတိုင်း ဖြစ်နေလို့ပါဆရာရယ်’ ဟုဆိုကာ လာတိုင်ပင်ကြသော ကလေးမိဘ တော်တော်များများနှင့်ဆုံခဲ့ရပါသည်။ သူတို့ကလေးအများစု တွင်တော့ (ADHD) မတွေ့ရပါ။ Conduct Disorder တစ်နည်းအားဖြင့် ‘ပြောမရ၊ ဆိုမရ’ ပြဿနာ လောက်သာတွေ့ရပါသည်။
Hyperactive Child သို့မဟုတ် ADHD ဆိုသည်က ဘာကြောင့် ဖြစ်မှန်း ယခုထိ တိတိကျကျ အဖြေရှာမရသေးပေ။ အနည်းအကျဉ်းငြိမ်အောင် Methly Phenidate(Ratilin) လို ဆေးမျိုးတွေပေးပြီး ထိန်းသိမ်းထားလို့ရသည်။ ပျောက်အောင်တော့ ကုသ၍မရ။တစ်နည်းအားဖြင့် ဆိုရလျှင် ‘ရုပ်ပိုင်းဆိုင်ရာ’ ရောဂါတစ်ခုဖြစ်သည်။ Conduct Disorder ကို‘ပြောမရ၊ဆိုမရတဲ့ကလေး’ ဟုကျွန်တော် ကဘာသာပြန်ချင်သည်။ သူ့အင်္ဂလိပ်လို အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ပါတာက ‘သူတစ်ပါးနှင့် ပတ်ဝန်းကျင်ကို အနှောင့် အယှက်ဖြစ်စေတတ်သော အမူအကျင့် စွဲနေခြင်း’ ဟုဆိုသည်။ စိတ်ပိုင်းဆိုင်ရာပေါ့။ စိတ်ပိုင်းဆိုင်ရာရောဂါဟုပင် သတ်မှတ်၍မရ၊ ပြဿနာဟုသာသတ်မှတ်ရမည်။ ဆေးဝါး များပေး၍မရ။ ပေးစရာလည်းမလိုပါ။
ဘယ်အရွယ်မှာ စတာလဲ
ကလေးကို လသားကတည်းကစ၍ လုပ်သင့်တာနှင့် မလုပ်သင့်တာ တွေကို မရိုက်ဘဲ၊မအော်ဘဲ သင်ကြား လေ့ကျင့် ပေးနည်းများ ကိုတော့ယခင်စာအုပ်မှာ ကျွန်တော် ရေးခဲ့ပြီးလေပြီ။
ဒီိ‘ပြောမရ၊ဆိုမရ’ လူကြီးဆန္ဒနှင့် ဆန့်ကျင်ဘက်လုပ်ပြသည့် ပြဿနာများ အစပျိုးသည်က သုံးနှစ်သားအရွယ်တွင်။ ပြောမရ၊ဆိုမရ ဖြစ်သည့်ကလေးများ၏ ၆ဝရာခိုင်နှုန်းသည် အသက်၈နှစ်အရွယ်တွင် ထို ပြဿနာကို အသက်၁၈အထိယူဆောင်သွားတတ်ကြသည်။
အဖြစ်များတဲ့ ပြဿနာ
ယူကေနိုင်ငံတွင် ပြုလုပ်ထားသော သုတေသနများအရ ၅နှစ်မှ ၁၀နှစ်အတွင်း ယောက်ျားလေး ၇ ရာခိုင်နှုန်း နှင့် မိန်းကလေးများ၏ ၃ ရာခိုင်နှုန်းတွင် ဒီပြဿနာ ရှိသည်။ ဆယ်ကျော်သက် အရွယ်တွင် တော့လျော့သည့် လူတွေက လျော့သွား သော်လည်း တိုးသည့်ဘက်က ပိုများလာသဖြင့် ယောက်ျားလေး ၈ရာခိုင်နှုန်း နှင့် မိန်းကလေးများ၏ ၅ ရာခိုင်နှုန်း တွင် ဒီပြဿနာ ရှိသည်။
အကယ်၍ ဒီပြဿနာသည် လူကြီးဘဝအထိ ပါသွားပါက ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများက မသေးလှပါ။ မိဘ ပစ္စည်းမှ အစပြု၍ ခိုးတတ်လာခြင်း၊ ရန်ဖြစ်ခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ယာဉ်မဆင်မခြင် မောင်းနှင်ခြင်း၊ ကျောင်းထွက်ရခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အများနှင့် သဟဇာတ မဖြစ်ခြင်း တို့အပြင် မိဘဖြစ်လာသည့်အခါတွင်လည်း သူတို့က မွေးလာသော သားသမီးများကို လုံလောက်သော သွန်သင် စောင့်ရှောက်မှု မပေးနိုင်ခြင်းတို့ကို တွေ့ရသည်။
ယူကေနိုင်ငံတွင်တော့ ထိုသို့သောကလေး မျိုးတစ်ယောက်ကိုအချိန် မီမပြုပြင်ပေးလိုက်နိုင်ပါက နစ်နာဆုံးရှုံး မှုများကို ငွေကြေးနှင့် တွက်ချက်ပါက တစ်နှစ်လျှင် စတာလင် ပေါင် ၁၅၂၇၀(ဒေါ်လာ သုံးသောင်း) ခန့်ရှိမည်ဟု သုတေသနများကဆိုသည်။
ဘာကြောင့် ပြောမရ၊ဆိုမရ ဖြစ်ရသလဲ
ဒီပြဿနာကို အကြမ်းအားဖြင့် စိတ်ပညာရှင်တို့ နှစ်ပိုင်းပိုင်း လေ့ရှိသည်။ ၁၀နှစ်သားအရွယ်ထက်စော၍ သတိမထားမိသော ပြဿနာနှင့် ထိုထက်နောက်ကျသောပြဿနာ ဟူ၍ ဖြစ်သည်။၁၀နှစ်သားထက်နောက်ကျ၍ ဖြစ်သော ပြဿနာ ကအဓိကအားဖြင့် ပတ်ဝန်းကျင်ပေါ်မှာ မူတည်သည်။၁၀နှစ်အောက်တွင်စဖြစ်သော ပြဿနာ ကတော့ မမွေးခင်၊ မွေးကင်းစ ကြုံတွေ့ခဲ့ရသော ဒဏ်ရာ ဒဏ်ချက်များနှင့် ငယ်ရွယ်စဉ်မှာ မိဘတို့၏ စနစ်တကျ လေ့ကျင့်သင်ကြား ပေးနိုင်စွမ်းပေါ် အဓိကတည်နေသည်။
မမွေးခင်ဆိုသော စကားလုံးက အတော်အံ့အားသင့်စရာဖြစ်ကောင်းဖြစ်နေမည်။ အမှန်ပါပဲ။မမွေးခင်ကတည်းက မိခင်ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့သည် ပြောမရ၊ဆိုမရ ကလေးတွေဖြစ်လာဖို့ နီးစပ်စေကြောင်း သုတေသနများက ဆိုထားသည်။
မွေးကင်းစ တွင်ကြုံတွေ့ခဲ့ရသော ကျန်းမာရေး ပြဿနာများ၊ အသက်လေးငယ်ငယ်၊ ဦးနှောက်လေး အင်နှင့် အားနှင့်ဖွံဖြိုးနေသည့် အရွယ်နာတာရှည် ရောဂါများဖြစ်၍ နာလန် ပြန်မထူနိုင်ပါက ဥာဏ်ရည်နှင့် ဆင်ခြင်တုံ တရားကို ထိခိုက်တတ်ကြောင်းကတော့ အရင်စာအုပ် ထဲတွင်လည်း ကျွန်တော်ရေးခဲ့ဖူးသည်။
ယခုတော့ သုတေသနများက ကိန်းဂဏန်းတွေနှင့် သက်သေပြလာကြသည်။ နာတာရှည် ရောဂါ တစ်ခု ငယ်စဉ်မှာ ဖြစ်ခဲ့ပြီး နာလန်မထူလျှင် ထို ပြောမရ၊ဆိုမရ ကလေးတွေဖြစ်လာဖို့ သုံးဆပိုများသည်ဟုဆို၏။
မျိုးရိုးဗီဇ၊ အာရုံကြော အနည်းငယ် ထိခိုက်ထားခြင်း အစရှိသော ပြုပြင်မရသည့် အချက်များသည် ‘ပြောမရ၊ ဆိုမရတဲ့ကလေးများ’ ဖြစ်လာရာ တွင်အရေးပါသင့်သလောက် ပါသော်လည်း မိဘ၏သွန်သင် ဆုံးမမှုနှင့် ပတ်ဝန်းကျင် ရေခံ၊ မြေခံကောင်းမှုတို့က ထိုအားနည်းချက်ကလေးများကို ဖုံးလွှမ်းပစ်နိုင်ကြောင်းကိုလည်း အထောက်အထားများ တွေ့လာ ကြရသည်။
ဆိုလိုသည်ကတော့‘ပြောမရ၊ဆိုမရတဲ့ကလေးများ’ ဖြစ်လာကြရခြင်း၏ အကြောင်းရင်းများ ထဲတွင် ထိပ်ဆုံးက ပါနေသည့် အချက်များမှာ-
- မိဘ၏ကြင်နာစွာ ယုယပျိုးထောင်မှု အားနည်းခြင်း။
- မိဘက ကလေးကို ကိုယ် သို့မဟုတ် စိတ်နာကျင်ထိခိုက်အောင် လုပ်တတ်ခြင်း။
- လူမှုရေး၊စီးပွားရေး နိမ့်ကျခြင်း။
- မိဘကျန်းမာရေး ပြဿနာ ရှိခြင်း။
- ကလေးကို သွန်သင်ဆုံးမမှု အားနည်းခြင်း သို့မဟုတ် တစ်ဖက် စောင်းနင်း ပြင်းထန်စွာ ဆုံးမတတ်ခြင်း။
- ကလေးငယ်၏ အရေးကိစ္စများတွင် မိဘစိတ်ဝင်စားစွာပါဝင်မှု အားနည်းခြင်းနှင့်
- မိဘနှင့် ကလေးချစ်ခင်တွယ်တာမှု အားနည်းခြင်း တို့ဖြစ်ကြောင်း တွေ့ရလေသည်။
အခုဘာဆက်လုပ်ရမှာလဲ ကာကွယ်တာအကောင်းဆုံးပါ။
ယခင်စာအုပ်တွင်လည်း အသက်အလိုက် ကလေးပြုစုပျိုးထောင် နည်းများကို ကျွန်တော်ရေးခဲ့ရာတွင် ကလေးကို ဘယ်လိုဆုံးမပဲ့ပြင်မည်ဆိုတာလေးတွေကို အနည်းအကျဉ်းစီ ကျွန်တော်ရေးခဲ့ပါသည်။
ဒီဆောင်းပါးကတော့ အသက်တစ်နှစ်နောက်ပိုင်း ကျောင်းမနေ သေးခင်အရွယ်ကလေးငယ်များကိုပြုစုပျိုးထောင် နည်းကိုအသေးစိတ်ချဲ့ရေးမှာပါ။ ဒါကို ပထမဦးဆုံး အဖွင့်ဆောင်းပါးမှာ ပြောမရ၊ ဆိုမရကလေး များဘာကြောင့် ဖြစ်ရသည်ဆိုသည်နှင့် စဖွင့်ထားပြီး ဘာဆက်လုပ်ရမည်ကို ရေးမသွားတာက အကြောင်းရှိပါသည်။
ရှေ့လျှောက်ရေးမည့် အထဲတွင် တောက်လျှောက် ပါတော့မှာမို့ပါ။ တစ်လနှင့်ဖြတ်၍ မရပါ။ ပြောမရ၊ ဆိုမရကလေးတွေ ဖြစ်မလာဖို့က မိဘတွေ၏ အလိုချင်ဆုံးဆန္ဒ။ထို ပြဿနာအတွက် အစောဆုံးမိအောင် ကိုင်တွယ်ရမည့် အရွယ်က အသက်တစ်နှစ်ခန့် အရွယ်မှ အသက်သုံးနှစ်ခန့် အရွယ်အတွင်းဖြစ်သည်။ ဒါကြောင့် ဒီအရွယ်ကလေး တွေအတွက် ဆောင်းပါး ကိုကျွန်တော် ဒီ ပြဿနာနှင့် ဖွင့်ပါသည်။
ရင်သွေးတို့ ကျန်းမာ ရွှင်လန်း၍ လိမ္မာယဉ်ကျေးကြပါစေ။
ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်)
Credit To : perfectmagazine
This entry was posted
on Wednesday, January 06, 2010
and is filed under
Dr.ရဲမြင့်ကျော် ။
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
Filed under
Dr.ရဲမြင့်ကျော် ။
Facebook Badge
မြန်မာ ပြက္ခဒိန် ။
သင့်အတွက် ဇော်ဂျီ။
အမေ့အိမ် ရဲ့  အချိန် ။
Archives
-
▼
2010
(13)
-
▼
January
(13)
- ဆရာ စံဇာဏီဘို ၏ ၁၂ ရာသီဟောကိန်း ။
- အမှတ်တရ ။
- မြန်မာ ပြက္ခဒိန် ။
- ကြိုးကြာတောင်ပံခတ်သံ ။
- ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြပ်ကြည့်ရှုပေးခြင်း ။
- စိန်တုံးကြီးအကြောင်း ဇာတ်သိမ်း ။
- ပေါက်ကရ ကောက်စားသည့် စိန်တုံးကြီး ။
- ရင်ကျပ်ပန်းနာ ဆိုလိုက်တာနှင့် ။
- ကလေးကို ရေချိုးခြင်း ။
- ပြောမရ၊ ဆိုမရကလေးဆိုတာ ။
- အဖု၊ အကျိတ်၊ အထုံးလေးများ ။
- ကလေးထွားခြင်း ၊ မထွားခြင်း ။
- Migraine
-
▼
January
(13)
Categories
- Dr.ရဲမြင့်ကျော် ။ (9)
- Health (1)
- Photo (1)
- ကဗျာ။ (2)
- ဆုတောင်း။ (1)
- ဓါတ်ပုံ။ (5)
- ပရိတ်တော် ။ (2)
- မှတ်တမ်း။ (4)
- ဝတ္ထု များ ။ (1)
- သတင်း။ (2)
- ဟာသ။ (1)
- ဝေမျှခြင်း။ (7)
- ဗေဒင် ။ (1)
0 comments