ဆရာ စံဇာဏီဘို ၏ ၁၂ ရာသီဟောကိန်း ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

ဆရာ စံ-ဇာဏီဘို ၏ ၂၀၁၀ တစ်နှစ်စာ ၁၂ ရာသီဟောကိန်း ။
အိပ်ဆောင် ဗေဒင် စာအုပ် ။





Aries

March 21 - April 19




Taurus

April 20 - May 20




Gemini

May 21 - June 20




Cancer

June 21 - July 22




Leo

July 23 -
August 22




Virgo

August 23 -
September 22




Libra

September 23 -
October 22



Scorpio

October 23 -
November 21




Sagittarius

November 22 -
December 21




Capricorn

December 22 -
January 19




Aqaurius

January 20 -
February 18




Pisces

February 19 -
March 20



Credit To : ရွှေအိုး

ဆက်ဖတ်ရန်...

အမှတ်တရ ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

ဆက်ဖတ်ရန်...

မြန်မာ ပြက္ခဒိန် ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

မြန်မာ ပြက္ခဒိန် ။


ဆက်ဖတ်ရန်...

ကြိုးကြာတောင်ပံခတ်သံ ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။




Book Name : ကြိုးကြာတောင်ပံခတ်သံ
Author : လင်္ကာရည်ကျော်
Publication Date: Sep-2007
Description : ဒေါက်တာရဲ(ကလေးအထူးကုဆရာဝန်)၊ လင်္ကာရည်ကျော်
စသည့် ကလောင်အမည်ခွဲ နှစ်ခုဖြင့်
သုတ ရသ စာပေများ စဉ်ဆက်မပြတ် ရေးသားလျက်ရှိသည့် ဆရာဒေါက်တာရဲမြင့်ကျော်၏ ပထမဦးဆုံးသော
ဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။
စာရေးသူသည် ဤ၀တ္ထုရှည်ကို လွန်ခဲ့သောအနှစ်နှစ်ဆယ်ခန့်က အလုပ်သင်ဆရာဝန်ဘ၀တွင် ရေးသားခဲ့ပြီး
ဤစာအုပ်ပါ ဇာတ်လမ်းများထဲမှ အဓိကကျသော အဖြစ်အပျက်များသည်
စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့သည့်အဖြစ်အပျက်များသာမက
တစ်ဆင့်ကြားရခြင်းဖြင့် လေးစားခဲ့ရသည့် ဆရာဝန်တစ်ချို့၏ တကယ့်အဖြစ်အပျက်ဇာတ်လမ်းများဖြစ်သည်။
ထို့ပြင် စွန့်လွှတ်အနစ်နာခံ လူငယ်ဆရာဝန်တို့၏ လွမ်းမောဖွယ်ရာ မေတ္တာဖွဲ့ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်သည်။
ဤစာအုပ်ဖြင့် စာရေးသူသည် ၂၀၀၇ ခုနှစ် အမျိုးသားစာပေဆု(လူငယ်စာပေဆု) ဆွတ်ခူးခဲ့သည်။

ကြိုးကြာတောင်ပံခတ်သံ ။
Credit To : PDF အဖြစ်တင်ဆက်သူ= မြန်မာကျူးပစ်ဖိုရမ်

ဆက်ဖတ်ရန်...

ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြပ်ကြည့်ရှုပေးခြင်း ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

ဆရာဝန်၊ ကျောင်းဆရာ၊ စာရေးဆရာ။
ဘ၀မှာ ဖြစ်ချင်သည့် ဆန္ဒက သုံးခုတောင် ဆိုတော့ အဲဒါတွေ အောင်မြင်အောင် ဟိုနည်းနည်း သည်နည်းနည်း လိုက်ကြိုးစား နေခဲ့ မိသည်မှာ ဆရာဝန် ဖြစ်ပြီး ၂၃နှစ် ကြာသွား ခဲ့သည်။
၂၀၀၈ ခုနှစ် ကတော့ တော်တော် ထူးခြားသည့် နှစ်ပါပဲ။
အဲသည့် ဆန္ဒတွေ အားလုံး ပြည့်သွားသည်။
တစ်ခု ပြီးမှ တစ်ခု မဟုတ်။ ၀ုန်းခနဲ ပြိုင်တူ လိုလို နီးပါး ပြည့်ဝ သွားတာပါ။
သည်တော့ အဲသည့် ရပ်ဝန်း သုံးခု စလုံးက ကျွန်တော့် အချိန်တွေကို တောင်းဆိုမှုတွေ များလာသည်။ တစ်ခုခု မှာ သို့မဟုတ် သုံးခု စလုံးမှာ အနည်း နှင့် အများ လစ်ဟင်းမှုတွေ ရှိလာ တော့မည်။
ရှေ့ခရီး ဘယ်လို ဆက်လျှောက် ရမည်မှာ မျှော်ကြည့်တိုင်း မှုန်ဝါးဝါး။
ကိုယ်ကလည်း ဘယ်ဘက်က မှ မလျော့ချင်။
ယူချင်တာ ယူသွားတော့ ဟု မိသားစု ဘ၀ ကလေး မိုးနတ်မင်း ဆီ အပ်ထား ခဲ့တာ ကြာပေါ့။

ဖြစ်ချင်ရာ ဖြစ်ဟု သဘောထား ကာ Wellness မဂ္ဂဇင်း တွင် တတိယမြောက် ၀တ္ထုရှည် `နေ၀င် အိပ်တန်းတက်´ ကို စလိုက်သည်။ ဘ၀မှာ နောက်ထပ် ဆရာဝန် ဘ၀ သရုပ်ဖော် ၀တ္ထုရှည် တစ်ပုဒ် ထပ်ရေးနိုင် မရေးနိုင် ဆိုတာ သေမှ မသေချာ တော့တာ။ `ကြိုးကြာ တောင်ပံ ခတ်သံ´က လူငယ် ဆရာဝန်တွေ အတွက်၊ `ဒေါက်တာ ရွှေသွေး နှင့် မပန်းဝတ်မှုံ´ က လူလတ်ပိုင်း ဆရာဝန်တွေ အတွက် ဆိုလျှင် `နေ၀င် အိပ်တန်းတက်´ ကတော့ အနားယူ ခါနီး နောက်ဆုံး ၁၀ စုနှစ်ကို ကိုယ့်ကိုယ် ကိုယ် ရောက်မှန်း မသိ ရောက်နေကြသော ဆရာဝန်ကြီးများ အတွက် ပေါ့။ ဒါပြီးလျှင် ကိုယ်လည်း ၅၀ ပြည့်ခါ နီးပြီ။ `နေ၀င် အိပ်တန်းတက်´ စာရင်းထဲ ပါတော့မည်။
အဲသည် ၀တ္ထုထဲက အဓိက ဇာတ်ကောင် ပညာတတ်၊ ကြေးရတတ် မလေး `မေကြာဖြူ´က ရှင်မဟာ သီလ၀ံသ ၏ `၀သုနြေ္ဒ၊ ဤမြေသော်လည်း၊ စောင့်စည်းမှုသား၊ ကျင့်သောအားဖြင့်၊ စကားသစ္စာ၊ မှန်သောခါကား၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက် သစ်ပင်၊ ဆေးဖက်ဝင်၏´ ဆိုသည့် စကားကို နှစ်ခြိုက်လွန်း သဖြင့် `ပေါ်ဆီတက်´ အမည်ဖြင့် ဂျာနယ် တစ်စောင် ထုတ်ဝေကာ ကဗျာကို ဂျာနယ် မျက်နှာဖုံးမှာ ဖော်ပြသည်ဟု ကျွန်တော် ရေးထားသည်။ တိုက်တိုက်ဆိုင်ဆိုင် Family အုပ်စုကလည်း `နွယ်မြက်သစ်ပင်´ ‘the Living Vine’ အမည်ဖြင့် အင်္ဂလိပ်ဘာသာ အဓိက မဂ္ဂဇင်းတစ်စောင် ထုတ်ဝေကာ အဲသည် ကဗျာကို အဖုံးမှာ သုံးထားသည်။ သူတို့က အကြံ ရတာ နည်းနည်း စောဟန် တူသည်။
ကိစ္စတော့ မရှိပါ။ ၀တ္ထုထဲ က ဇာတ်ကောင် နှင့် အကြံတူ တာပဲ။
အဲသည်လို မလုပ်နိုင်တော့မည့်၊ တိုးလိုး တန်းလန်း ဖြစ်သွားတော့မည့် ဟာတွေကို လိုက်စိတ်ပူနေခိုက်မှာ လက်ထဲမှာ တန်းလန်းကြီး ဖြစ်နေ တာက `စိန်တုံးကြီးများ အကြောင်း´ ပါပဲ။
နိဂုံးချုပ်တော့မှ ထင်သည်။
အသက် တစ်နှစ် မှ သုံးလေးနှစ် အရွယ် လက်လက်ထ နေသော စိန်တုံးကြီးများ အကြောင်းချည်း ရေးလာတာ ၁နှစ်ကျော် နေပြီ။
`မသက်´ တစ်ယောက် Perfect ကနေ Myanmar Art Centre ပန်းချီပြခန်း ဆီ စိတ်ရောက် နေတုန်း ခိုး ဇာတ်သိမ်းမှ။
မရေးရ သေးဘဲ ကျန်နေတာ ကတော့ အဲသည့် အရွယ်၏ ဖွံ့ဖြိုးရေး ဖြစ်စဉ်များ နှင့် စောင့်ကြည့် ရမည့် စိတ်ပူစရာ ကလေးများ ပါပဲ။ ဒါကလည်း Perfect အုပ်စု ရတနာသိုက် စာပေ နှင့် ကျွန်တော် ပွဲဦးထွက် လက်တွဲ ထုတ်ဝေ ခဲ့သည့် `ရင်သွေး ရတနာ ကလေးများ အတွက်´ မှာ အရွယ်တိုင်း အတွက် ဖော်ပြပြီး ဖြစ်နေလို့ပါပဲ။


နှစ်ထပ် ရှိချင် ကြသည် ဆိုလျှင်တော့ ဒီလ ပြန်ရှင်း ပါမည်။ သည်နေရာမှာ သဘောပေါက် စေချင်တာ တစ်ခုက ကျွန်တော်တို့ ကလေးဆရာဝန်တွေက သည်အရွယ်မှာ ဒါလုပ်တတ်ရမည်ဟု ပြောထားလျှင် မလုပ်နိုင်တိုင်း စိတ်ပူစရာမလိုပါ။ တစ်ယောက် နှင့် တစ်ယောက် ချွတ်စွတ် မတူနိုင်ပါ။ ဥပမာ လမ်းလျှောက်တာလေး တစ်ခုကို ကြည့်မည် ဆိုလျှင်တောင် ဆယ်လ ကတည်းက လမ်းလျှောက်တတ်သည့် ကလေး ရှိသလို ၊ ရောဂါကြောင့် ချို့ယွင်းချက်ကြောင့် မဟုတ်ပါဘဲ နှင့် ၁ နှစ်ခွဲ ကျော်မှ လမ်းစ လျှောက်သည့် ကလေးလည်း ရှိပါသည်။ ဘယ်ကလေး က ပို၍ ကျန်းမာသည်၊ ဘယ်ကလေး က ပို၍ ဥာဏ်ကောင်း လိမ့်မည် ဟုပင် သတ်မှတ် ၍ မရပါ။

ဖွံ့ဖြိုးမှု ဖြစ်စဉ်သည် တစ်ယောက် နှင့် တစ်ယောက် အကြမ်းဖျင်း ခြောက်လ လောက်တော့ အများဆုံး ကွာတတ် ပါသည်။
အသက်တစ်နှစ်အရွယ်
`ရပ်နိုင်ပေ့´၊ `ရပ်နိုင်ပေ့´ဆိုသည့် အရွယ်ပေါ့။
ခုံကလေးတွေ ကို ဆွဲ၍ ထတတ်ပြီ။ တစ်ခါ တစ်ရံ ကိုင်ထားတာလေးကို လွှတ်၍ ခဏမျှ တော့ သူ့ ခြေထောက်လေး နှစ်ချောင်း နှင့် ရပ်နိုင်မည်။ ကြာကြာတော့ မရ။
လမ်းလျှောက်တာ ကတော့ ခုံလေးတွေကို ကိုင်၍ လျှောက်သွားတာ လောက်ပဲ ရှိဦးမည်။
ပစ္စည်း သေးသေးလေးတွေ ကိုတော့ လက်ညှိုး၊ လက်မ နှင့် ညှပ်၍ သေသေ ချာချာ ကိုင်တတ်ပြီ။ ပေးသည့် ပစ္စည်းကို လည်း ပစ်ပစ်ချ တတ်သေးသည်။ လူကြီးက ကောက်ပေးလျှင်လည်း ချက်ချင်း ပြန်လွှတ် ပစ်တတ်သည်။ စိတ်မတို ပါနှင့်။ လေ့ကျင့် သင်ကြားမှု ဖြစ်စဉ် တစ်ရပ်သာ ဖြစ်ပါသည်။
သူ့နာမည်ခေါ်လျှင်လည်း လှည့်ကြည့်တတ်ပြီ။ `ဖေ´၊ `မေ´ စသဖြင့် စကားတစ်လုံး နှစ်လုံးလည်း စပြောတတ်ပြီ။
လိုချင်တာ လက်ညိုးထိုး တောင်းတတ်ပြီ။ ခွက်ထဲ က ရေကို သူ့ဘာသာ သူ မော့သောက် တတ်ပြီ။ လက်ခုပ်တီး တတ်ပြီ။ သူစိမ်း မြင်လျှင်လည်း သူစိမ်းမှန်း သိ၍ ကြောက်တတ်ပြီ။ တာ့တာ ပြတတ် ပြီ။
အသက်တစ်နှစ်ခွဲ
ထိုင်ခုံတွေ အပေါ်ဘက် တက်တတ်ပြီ။ တချို့ လမ်းစ လျှောက်တတ်ပြီး တချို့ဆို ပြေးတတ်ပြီ။ စာရွက် နှင့် ခဲတံ ပေးလိုက်လျှင် မျဉ်းကြောင်းလေး တွေ ကြောင်ခြစ် သလို ခြစ်နေပြီ။ စကားလုံး သုံးလုံးနှင့် အထက် နားလည် နေပြီ။ မျက်စိ ဘယ်မှာလဲ၊ နား ဘယ်မှာလဲ ပြတတ်အောင် သင်၍ ရပြီ။ ရှူးရှူး ပေါက်ချင်လျှင်၊ အီးအီး ပါချင်လျှင် အမူအရာ ပြတတ်ပြီ။ တစ်ချို့ ခိုင်းတာလေးတွေ နားလည်ပြီ။
အသက်နှစ်နှစ်
လှေကား ကို ခြေနှစ်ချောင်း တစ်ထစ်နှုန်း ဖြင့် တက်တတ်ပြီ။ စာရွက် ပေါ်မှာ ဒေါင်လိုက်မျဉ်းတွေ ဆွဲတတ်ပြီ။ စာအုပ်ပေးလျှင် စာရွက်တွေ စာရွက်ချင်း လှန်တတ်ပြီ။ သုံးလုံးတွဲ စကားလေးတွေ (ဥပမာ ရေးပေးပါ) ပြောတတ်ပြီ။ သူ့နာမည်ကို ခေါ်လျှင် သိနေပြီ။ အ၀တ်အစားတွေ သူ့ဘာသာ သူ ချွတ်တတ်ပြီ။
အသက် သုံးနှစ်
လှေကား ကို ခြေတစ်ချောင်း ချင်း တက်တတ်ပြီ။ သုံးဘီး စက်ဘီးလေး ပေးလျှင် စီးတတ်ပြီ။ စာရွက် ပေးလျှင်တော့ စက်ဝိုင်းပါ ဆွဲတတ်ပြီ။ အရောင်တူ စပ်ဟပ်တာ နှစ်ရောင် လောက်တော့ လုပ်နိုင် လာပြီ။ စကား လည်း ပုံမှန် ပြောတတ်ပြီ။ နာမည် အပြည့်အစုံ သိပြီ။ သူ့ကိုယ်သူ ယောက်ျားလေး၊ မိန်းကလေး သိနေပြီ။ နေ့ခင်းဘက် ရှူးရှူး ပေါက်မချတော့။
အသက် ငါးနှစ်
ခုန်တတ်ပြီ။ ဘောလုံး ဖမ်းတတ်ပြီ။ တြိဂံ ဆွဲတတ်ပြီ။ စကား ပြောတာ ချောနေပြီ။ အရောင်လေးမျိုး ခေါ်တတ်ပြီ။ သူငယ်ချင်း ရွေးပေါင်း တတ်ပြီ။ အကူအညီ ဖြင့် အ၀တ်အစား ၀တ်တတ်ပြီ။ ဒါလေးတွေ ပြောပြ ရတာက အဲသည့် အသက် အရွယ်မှာ အဲဒါလေးတွေ ဖြစ်လာလျှင် ရင်အေး နိုင်ရန် ဖြစ်သော်လည်း အဲသည့် အသက် အရွယ်မှာ အဲဒါ ဖြစ်မလာတိုင်း စိတ်ပူ စရာတော့ မလိုပါ။
နီးစပ်ရာ ကလေး အထူးကု ဆရာဝန် နှင့် တိုင်ပင် ကြည့်ပါဦး။ ပုံမှန် နောက်ကျတတ် သူများ အများကြီး ရှိပါသည်။ စိန်တုံးကြီးများ အကြောင်း နိဂုံးချုပ်သင့် မချုပ်သင့်တော့ စဉ်းစားလိုက် ပါဦးမည်။ ဘာများ ရေးစရာ ကျန်သေးလဲဟု မိဘများက သိချင်တာ ရှိလျှင်လည်း စာရေး မေးကြပါဦး။

စိန်တုံးကြီး တို့ ပုံမှန် ဖွံ့ဖြိုး တိုးတက်ကြပါစေ။
ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ(ကလေး အထူးကု ဆရာဝန်)

Credit To : perfectmagazine

ဆက်ဖတ်ရန်...

စိန်တုံးကြီးအကြောင်း ဇာတ်သိမ်း ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

စိန်တုံးကြီးများ အကြောင်း ပေါင်းချုပ် မထွက်သေးဘူး လားဟု မေးသူတွေ ခဏခဏ ကြုံရသည်။ အယူအဆ အမှား များလောက် ရေးစရာပေါသော ခေါင်းစဉ်ကိုပင် ကိုးလတည်း ရေးခဲ့သော ဒေါက်တာရဲသည် တစ်ခါမှ အကြာကြီး ရေးနေ၍ အံ့ဩ ကြဟန် တူသည်။ စရေးတုန်းက ပါမောက္ခရဲ ဖြစ်သည် အထိ ရေးမှာဟု နောက်တီးနောက်တောက်ရေးခဲ့ရာ ယခုတော့ ပါမောက္ခလည်း တကယ်ဖြစ်သွားခဲ့ပြီ၊ စိန်တုံးကြီး ဆိုသည့် စကားလုံး၏ ပိုင်ရှင် အစစ် အစ်ကို ဆရာ ပါမောက္ခ ဦးဖေသက်ခင် လည်း ကလေး အထူးကု ဆရာဝန် ဘဝကို ကျောခိုင်း၍ အငြိမ်းစား ယူသွားသည့် အဖေဆရာ နေရာမှာ ပါမောက္ခချုပ်ကြီး ဖြစ်နေပြီ။

ကိုယ့်ကလေးကို ကိုယ် လက်လက်ထ နေသည်ဟု မခေါ်ရက် သဖြင့် စိန်တုံးကြီးဟု ခေါ်သင့်ကြောင့် သူ စ နာမည် ပေးခဲ့သည့် သူ့သား စိန်တုံးကြီးပင် လူပျိုကြီး ဖားဖား ဆေးကျောင်းသား ဖြစ်နေပြီ။ရေးမည်ဆိုလျှင် ရေးစရာတွေ ကျန်ကောင်း ကျန်မည် ဖြစ်ပေမဲ့ လုံးချင်း ကျမှ စောင့်ဖတ်တော့ မည် ဟု မျှော်နေသူများ ကို အားနာစွာ နိဂုံးချုပ် ပေးရတော့ မည်ဖြစ်လေရာ ကလေး အထူးကု ဆရာဝန် တစ်ဦးအနေ နှင့် အရွယ် ပေါင်းစုံ ကြည့်ရှု တာဝန် ယူရသည့် အထဲမှာ မှ ဘာကြောင့် သည်တစ်နှစ်သား မှ ကျောင်းမနေခင် အရွယ် အထိကို စိတ်ဝင်တစား အကြာကြီး ရေးခဲ့ရ သလဲ ဆိုတာလေး ပြန်ရှင်းပြ ခွင့်ပြုပါ။
၁။ သိသာထင်ရှားသော
ပြောင်းလဲ တိုးတက်မှု များသော အရွယ်ပါ
လမ်းစ လျှောက်လာမည်၊ စကားစ ပြောတတ် လာမည်၊ ကိုယ့်လက် နှင့် ကိုယ့်ခွက်ကို မော့သောက်တတ် လာရာ ကနေ အစား အသောက်ကို လူကြီးလို ဇွန်းနှင့် ပန်းကန် နှင့် စားတတ်သည့် အဆင့် အထိ တိုးတက် လာမည်။
တိုးတက်ပြောင်းလဲမှုဖြစ်စဉ်များသော အရွယ် ဖြစ်သဖြင့် ဖြစ်သင့် သည့် အတိုင်း မဖြစ်ခဲ့ လျှင်လည်း သတိထား စရာ၊ ဆရာဝန် နှင့် ဆွေးနွေး စရာတွေ များပါသည်။ ဒါတွေကို သည် ဆောင်းပါးရှည်ကြီး ရယ်၊ ရတနာသိုက် စာပေတိုက် မှပင် ထုတ်ဝေခဲ့ဖူးသော ကျွန်တော် ၏ ရင်သွေး ရတနာ ကလေးများ အတွက် စာအုပ်ရယ် နှစ်ခုပေါင်း လိုက်လျှင် ခြုံငုံ မိပြီဟု ယူဆပါသည်။
၂။ စူးစမ်း လေ့လာ တတ်သော အရွယ်ပါ
ခွက်လေးမှောက်နေတာတွေ့လျှင်တောင် လှန်ပြီး အထဲမှာ ဘာရှိ သလဲ ရှာပါလိမ့်မည်။ ပိုးကောင်အသေလေးတွေ့လျှင်တောင် အနည်း ဆုံး လက်နှင့်တို့ကြည့်ပါလိမ့်မည်။ ကံမကောင်းလျှင် ပါးစပ်ထဲထည့် ကြည့်တတ်ပါသေးသည်။ ထို့ကြောင့် သည်အရွယ်၏ ပတ်ဝန်းကျင်ကို သူတို့အတွက် ဘေးကင်း လုံခြုံအောင် အစစ သတိထား ပြင်ဆင် ထားမှ တော်ရုံ ကျပါမည်။ဒါကို သည်ဆောင်းပါးထဲ တွင်ပင် ကျွန်တော် ပြည့်ပြည့် စုံစုံ ဖော်ပြ ဖြစ်ခဲ့ ပြီဟု ထင်ပါသည်။
၃။ ကူးစက် ရောဂါ သတိထား ရမည့်အရွယ်ပါ
မိခင် ရင်ခွင်ထဲမှာ ဆင်းကာ ပတ်ဝန်းကျင်နှင့် စတင် ထိတွေ့ တော့မည့် အရွယ်ပါ။ ကျောင်းနေ အရွယ် ကလေးငယ် လောက် ပတ်ဝန်းကျင် နှင့် အထိအတွေ့မများသေးသော်လည်း ကျောင်းနေ အရွယ် ကလေးငယ် လောက် လည်း ကိုယ်ခံ အား မကြွယ်သေးပါ။
ခဏခဏ ဖျားတတ်၊ ချောင်းဆိုးတတ်၊ ဝမ်းပျက် တတ်ပါသည်။ တချို့သော ရောဂါတွေက ကာကွယ် ဆေးထိုး၍ ကာကွယ် နိုင်ပါသည်။ သည်အရွယ် မှာ ထိုးရမည့် ကာကွယ်ဆေးတွေ အကြောင်းလည်း ကျွန်တော် ပြည့်ပြည့်စုံစုံ ဖော်ပြ ဖြစ်ခဲ့သည်ဟု ထင်ပါသည်။ တချို့ ရောဂါတွေက ကာကွယ်ဆေးမရှိ။ ဆောင်ရန်၊ ရှောင်ရန်တွေ သာရှိသည်။ အဲသည့် ရောဂါတွေ အတွက်တော့ သည်ဆောင်းပါး ရှည်ကြီး ရော၊ စွယ်စုံမီဒီယာ အုပ်စုမှ ထုတ်ဝေခဲ့သည့် ကလေး ရှေးဦး သူနာပြုစု နည်းစာအုပ် ရော တွဲဖတ်ဖို့ လိုမည် ထင်သည်။
၎။ သင်ကြား လေ့လာမှုများ စတင်သည့် အရွယ်ပါ
သည်အရွယ်မှာ ခေတ်အစားဆုံး မေးခွင်းကတော့ ဘယ်တော့ မူကြို စထား ရမလဲ ဆိုတာ ဖြစ်သည်။ သည်ဆောင်းပါးရှည်ကြီး ထဲတွင် မူကြို ဘယ်တော့ စထား သင့်သည် ဆိုသည့် ကိစ္စ သာမက မူကြို မထားခင် ကတည်းက ကလေး၏ လေ့လာ သင်ယူမှု အားကောင်းအောင် ဘာတွေ လုပ်ပေးရမည် ဆိုတာ ကျွန်တော် ပြည့်ပြည့် စုံစုံ ဖော်ပြ ဖြစ်ခဲ့ ပါသည်။
၅။ အားလုံး ဝိုင်း၍ တုံတက် နေကြသော အရွယ်ပါ
ချစ်စရာ အကောင်းဆုံး၊ တတောက်တောက်၊ ယိုင်ထိုး ယိုင်ထိုး လျှောက်ပြေး နေပြီး တွတ်တီး တွတ်တာ ပြောတတ်သည့် အရွယ်မို့ အဖေရော၊ အမေရော၊ အဘိုး အဘွား၊ ဦးလေး၊ အဒေါ်၊ အစ်ကို အစ်မ အားလုံး ဝိုင်းချစ် နေကြသည့် အရွယ်ပါ။ သည်တော့ တစ်ယောက် တစ်ပေါက် မေးလာသည့် မေးခွန်းများလည်း ရှိသလို တစ်ယောက် တစ်ပေါက် ပေးကြသည့် အကြံများလည်း ရှိပါ သည်။
ဒါတွေ မှန် မမှန် ဆင်ခြင်ဖို့ နှင့် အဖြေရှာဖို့ အတွက်တော့ သည် ဆောင်းပါး ရော၊ နန်းဒေဝီစာပေက ထုတ်ဝေ ခဲ့သည့် ကလေး ကျန်းမာ ရေးဆိုင်ရာ အယူ အဆမှားများ စာအုပ်ရော တွဲဖတ်ဖို့ ညွှန်းပါ ရစေ။
၆။ စာရေးသူ ၏ ဘဝ အပြောင်းအလဲ အများဆုံး အချိန်ပိုင်းပါ
သည်ဆောင်းပါးရှည်ကြီး ရေးနေရင်း မြို့နှစ်မြို့ ခေါက်တုံ့ ခေါက်ပြန်ပြောင်း ခဲ့ရသည်။ ရာထူး သုံးဆင့် တက်ခဲ့သည်။ စာအုပ်ပေါင်း များစွာ ထွက်ခဲ့သည်။ စာရေး ဆရာမ ဖြစ်တဖြစ် ဘဝမှ အမျိုးသား စာပေဆုရ စာရေးဆရာ ဖြစ်ခဲ့သည်။ ကိုယ့်ဘဝ အပြောင်းအလဲ တွေများ နေတုန်း ရေးခဲ့သည့် ဆောင်းပါးမို့ နိဒါန်းတွေ၊ အချီးတွေမှာ ကိုယ့်အကြောင်း ကိုယ် ထည့်ထည့် ရေးတာ တွေ မကြာခဏပါ နေသည်ကို တော်တော် သည်းညည်းခံ ဖတ်ရမည့် ဆောင်းပါးပါ။ သည်အချိန် အထိ သည်းညည်းခံ စိတ်ရှည်ရှည် ဖတ်လာ ခဲ့သည့် ချစ်လှစွာ သော စာဖတ် ပရိသတ် တို့ကို တောင်းပန်ရင်း ကျေးဇူးတင် စကား ဆိုပါ ရစေ။
ကျန်းမာရေး မဂ္ဂဇင်း မဟုတ်ပါ ဘဲနှင့် လဆန်းတာနှင့် ဆောင်းပါး မှန်မှန် လာတောင်း ၍ ဖော်ပြ ပေးတတ်သော Perfect အဖွဲ့သားများကို လည်း ကျေးဇူးတင် ပါသည်။ သည်လူတွေ လုံးချင်း ထုတ်ကြ ဦးမှာပါ။ အားပေး ကြပါဦး။
စိန်တုံးကြီးများ အရောင် တဖျတ်ဖျတ် ခါနိုင် ကြပါစေ…။

ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်)

Credit To : perfectmagazine

ဆက်ဖတ်ရန်...

ပေါက်ကရ ကောက်စားသည့် စိန်တုံးကြီး ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

စိန်တုံးကြီးများ အကြောင်းလည်း နှစ်သက်ကြသည် ကြား၍ ဝမ်းသာရသည်။ အရင် `ဒါစိုးရိမ်စရာလား´ တော့ ရတာသိုက် အုပ်စုက လုံးချင်းစီစဉ်နေတာ တော်တော် ခရီးရောက်နေပြီ ဆိုပဲ။ စိန်တုံးကြီးလည်း ဆက်ထုတ်မည်တဲ့။ ဖြည်းဖြည်းပေါ့။ အေးအေးဆေးဆေး ခပ်ရှည်ရှည်လေး ရေးပါရစေဦးဟု ပြောထားသည်။

အမှန်ကတော့ ဒေါက်တာရဲလည်း အလုပ်ရှုပ်နေတာပါ။ မန္တလေးရောက်လာတာ တစ်လကျော်ပြီဆိုတော့ သည်က ဘွဲ့လွန်သင်ကြားရေး ကိစ္စတွေများတွင် ရင်ညွန့်လောက် နစ်နေပြီ။ စာသင်တာက တစ်သက်လုံး ဝါသနာပါခဲ့၊ စာသင်ကောင်းပါသည် ဆိုသည့် နာမည်လည်း ရခဲ့ပေမယ့် ဘွဲ့လွန်ကျောင်းသားက နောက်ဆုံးနှစ် ဆေးကျောင်းသား စာသင်သလို ဖုတ်ဖက်ခါထသွားပြီး သင်လို့မရ။ စာဖတ်ရသည်။ အင်တာနက်လည်း ဝင်ရသည်။ မှတ်စု ထုတ်ရသည်။ မျက်မှန်ပါဝါ ပြန်တက်လောက်အောင် ကွန်ပျူတာရှေ့ ထိုင်ရသည်။ သည်တော့ စာရေးဖို့ အချိန်က နည်းလာသည်။ `လင်္ကာရည်ကျော်´ ကိုလည်း ဒီနည်းတဲ့ အချိန်တွေထဲကပဲ ဖဲ့ပေးရသေးသည်။ ဝထ္ထုတိုတွေက စိတ်ပါမှ ကောက်ရေးလို့ ဖြစ်သည်။ (ဒါတောင် စိတ်က အမြဲပါနေ တာပါပဲ။) Family က ဒုတိယမြောက် အခန်းဆက်ဝထ္ထုရှည် `ဒေါက်တာရွှေသွေး နှင့် မပန်းဝတ်မှုန်´ ကို ပန်းချီဆရာ မီအောင်၊ တစ်လ မပြတ်သွားရအောင် အမီရေးရသည်။ ဒေါက်တာရဲကတော့ အခန်းဆက် လစဉ်ဆောင်းပါး ယူထားမိတာက မဂ္ဂဇင်းလေးစောင်၊ အပတ်စဉ် ခေါင်းညိတ်မိတာက ဂျာနယ် တစ်စောင်ဆိုတော့ အမြဲလောတာ ခံနေရတော့သည်။

ဆရာဝန် အပေါင်းအသင်းတွေနှင့် ဆုံတိုင်း မေးနေကျ စကားက `ခင်ဗျား ဘယ်အချိန် စာသွားရေးလဲ´ ဟူ၏။
ဒေါက်တာရဲ အဲဒါကြောင့် ဂေါက်မရိုက်တော့တာပါ။ ဒေါက်တာ အောင်ကျော်မြင့်၏ `ကျွန်တော် ဒေါက်တာ ဂေါ့လဖာ´ ဆောင်းပါးများကိုတော့ နှစ်သက်စွာ မှန်မှန် စောင့်ဖတ်သည်။ (ရယ်ရတာကိုး)။ သူ့ဘဝက ပျော်စရာကြီးဟု အားကျသည်။ ကိုယ်ကတော့ ကိုယ့်ဘဝနှင့်ကိုယ် ပျော်စရာ recreation တွေကို အချိန်သတ်သတ် မပေးနိုင်သဖြင့် စာရေးတာကိုပဲ recreation အဖြစ် သဘောထာရသည်။အပျော်နှင့်ရေးတော့ စာတွေက ပေါ့ပေါ့ပါးပါးနှင့် ဖြစ်ကုန်သည်။ ဒါကိုပဲ `သည်စတိုင်´ ကို သဘောကျသည် ပြောကြမှ တော်ပါသေးရဲ့ဟု `ဟင်း´ ချရသည်။ အရင်လက ပြဿနာရှာသည့် စိန်တုံးကြီးများ အကြောင်း ရေးခဲ့တော့ သည်လ တစ်ဆက်တည်းဖြစ်အောင် `ပေါက်ကရလုပ်သည့် စိန်တုံးကြီးများအကြောင်း´ ရေးပါရစေ။

ယခင်လက ဆောင်းပါးတွေ မဖတ်ဖူးသူတွေ အတွက်ကတော့ စိန်တုံးကြီးဆိုသည်မှာ ကျွန်တော့ အစ်ကိုကြီးသဖွယ် ချစ်ခင်လေးစားရသော ပါမောက္ခ ဦးဖေသက်ခင် (ဌာနမှုး၊ ကလေးကျန်းမာရေး ပညာဌာန၊ မန္တလေးဆေးတက္ကသိုလ်)က သူ့သား(ယခု ဆေးကျောင်းသား) အသက် တစ်နှစ်မှ သုံးနှစ်အရွယ်တုန်းက နောက်မှ တစ်ချိန်လုံး လိုက်ဆွဲနေရသဖြင့် `လက်လက်ထ´ နေသည်ဆိုသောစကားကို ကိုယ့်ကလေးအား မပြောရက်သဖြင့်`စိန်တုံးကြီး´ဟု တင်စားခေါ်ဝေါ်ရာက ကျွန်တော်က သဘောကျပြီး အသက်တစ်နှစ်ကျော်၊ တတောက်တောက် ပြေးသည့် အရွယ်မှစ၍ ကျောင်း၊ မူကြိုမတက်ခင် အရွယ်အထိ ကလေးများကို ကင်ပွန်းတပ် လိုက်တာပါ။ အင်္ဂလိပ် ဝေါဟာရမှာတော့ Toddler ဆိုတာရှိပြီး မြန်မာစကားလုံး သတ်သတ်ရှာ မတွေ့သေးလို့ပါ။

ပေါက်ကရ ကောက်စားသည့် စိန်တုံးကြီး
အသက် ၆ လ အရွယ်မှစ၍ တစ်နှစ်ကျော်ကျော် အရွယ်အထိ ဘယ်ပစ္စည်း ဘယ်အရာဝထ္ထုကိုမဆို ပါးစပ်ထဲ ကောက်ထည့်သည့် နည်းဖြင့်သာ စူးစမ်း လေ့လာတတ်သည့် ကလေး တစ်ယောက်ကို စားစရာမဟုတ်တာ ပါးစပ်ထဲကိုထည့်၍ ဘယ်သူမှ အံ့သြ စိတ်ပူကြမည် မဟုတ်ပါ။ အသက် သုံးနှစ်သားလေး တစ်ယောက်က ခေါက်ထားသည့် ကော်ဇော၊ လွင့်ပစ်ထားသည့် စက္ကူလုံး အစရှိသည်တို့ကို ကိုက်ဝါးနေလျှင်တော့ ကိုယ့်ကလေး စိတ်များ ဖောက်ပြန်သွားပြီလား ဟုဆိုကာ စိတ်ပူကြမည် အမှန်ပင်။

အန္တရာယ်ရှိလားဟု မေးရင်တော့ သူ ကောက်ဝါးသည့် ပစ္စည်းပေါ် မူတည်ပါသည်ဟု ပြောရမည်ပင်။ ကောက်ဝါးသည့် အရာက လည်ချောင်းထဲဝင်လျှင် တစ်ဆို့နေတတ်သည့် ပြဿနာအကြောင်းလည်း ကျွန်တော်ရေးခဲ့ ပြီးပြီ။ စိန်တုံးကြီးတစ်တုံး ကိုယ့်အိမ်မှာ ရှိနေလျှင် စစ်သူကြီးတစ်ယောက် စစ်ပြင်ဆင် နေသည်ကို လှည့်လည် ကြည့်ရှုစစ်ဆေးသလို ကိုယ့်အိမ်ကိုယ် လှည့်ပတ်ကြည့်ရှုစစ်ဆေးပြီး ကလေးအတွက် အန္တရာယ်ကင်းသော ပတ်ဝန်းကျင် ဖြစ်အောင် ကြိုတင်ပြင်ဆင် ထားရမည်ဟုကျွန်တော်ရေးဖူးပါသည်။

သည်တစ်ခေါက် ဆွေးနွေးချင်သည်က ဘာလို့ သူတို့အဲဒီလို လုပ်ကြသလဲ ဆိုတာပါ။ ဒါ… စိတ်ရောဂါမဟုတ်ပါ။ ဘာသတ္တဝါမှ ဝင်စားလို့လည်း မဟုတ်ပါ။ သူ့အရွယ်နှင့်သူ ဖြစ်တတ်တာမျိုးပါ။ ကလေးတိုင်း မဟုတ်ပေမယ့် တချို့လုပ်တတ်ပါသည်။

သူတို့စိတ်ထဲမှာ တစ်ခုခု တင်းကျပ်လာသည့်အခါ၊ ပတ်ဝန်းကျင်တွင် အပြောင်းအလဲတွေ များလွန်းနေသဖြင့် သူတို့စိုးရွံ့လာသည့်အခါ သူတို့ စိတ်ထဲက ခံစားချက်ကို ပါးစပ်နှင့် ပြည့်ပြည့်စုံစုံ ပြောမပြတတ်သည့် အရွယ်မို့ ဟန်ပန်အမူအရာနှင့် ပြကြတာပါ။

ဒေါ့ဖ်ဘယ်ရီ အမည်ရှိ ပုဂ္ဂိုလ်က `လူဟာ တစ်သက်မှာ တစ်သက်မှာ တစ်ခါပဲ ငယ်ရွယ်နုပျို နိုင်ပါတယ်။ မပြည့်ဝတာ၊ မရင့်ကျက်တာကတော့ တစ်သက်လုံးလည်း ဖြစ်ချင်ဖြစ်တာပါပဲ´ ဟု ပြောဖူးပါသည်။ လူကြီးတွေ ခဲတံ ကိုက်နေတတ်တာ မြင်ဖူးပါသလား။ ကျောင်းနေသည့်အရွယ်၊ ကလေး ခပ်ကြီးကြီးတွေ ကိုယ့်ဘာသာကိုယ် လိမ်လိမ်ဆွဲနေတာ မြင်ဖူးပါသလား။ အဲဒါတွေက စိတ်တင်းကျပ်လို့ လုပ်နေကြတာပါ။ ကျောင်းမနေသေးတဲ့ အရွယ်ကလေးက ကော်ဇောကြီး ကိုက်ဝါးနေတာ အဲဒါတွေနဲ့ သဘောချင်း အတူတူပါပဲ။ ရှားရှားပါးပါး သံဓာတ် ချို့တဲ့သည့် ကလေး တစ်ချို့လည်း လုပ်တတ်ပါသည်။

ခေါင်းကို တစ်ခုခုနှင့် ဆောင့်ဆောင့်ပစ်တတ်သည့် စိန်တုံးကြီး ဒါလည်း ပုံမှန်ဖြစ်နိုင်ပါသည်။ အသက် ၆ လခန့်က စတတ်ပါသည်။ ၂ဝ ရာခိုင်နှုန်းသော ကလေးတို့က ကိုယ်ကို လှုပ်စိလှုပ်စိ လုပ်နေတတ်ပြီး ၆ရာခိုင်နှုန်းသော ကလေးတို့က ခေါင်းကို ဆောင့်ဆောင့်ပစ်တတ်ပါတယ်။ များသောအားဖြင့် သူ့ကိုယ်သူ တကယ် ထိခိုက် နစ်နာသွားအောင်၊ ဥပမာ ခေါင်းထဲက ဦးနှောက်ကို ထိခိုက်သွားလောက်အောင် သူတို့ မဆောင့်တတ်ကြပါ။ အဲသလောက် ပြင်းထန်အောင် ဆောင့်ဆောင့်နေတတ်သည့် ကလေးဆိုလျှင် ပုံမှန်မဟုတ်ပါ။ ကလေးစိတ်ပညာရှင်နှင့် တိုင်ပင်ရပါမည်။ ကျန်ကလေးတွေကတော့ မူကြိုတတ်သည့် အရွယ်လောက်တွင် သူ့ဟာသူ ပျောက်သွားကြပါသည်။ ခန္ဓာကိုယ်ကို လှုပ်လှုပ်စိစိ လုပ်တတ်ကြသည့် ကလေးများကတော့ အိပ်ပျော်ခါစ သို့မဟုတ် နိုးခါစတွင် လုပ်တတ်ပါသည်။ စိုင်းစိုင်းခမ်းလှိုင် သီချင်း ကြားလျှင်လည်း လှုပ်ကောင်းလှုပ်ပါ လိမ့်မည်။ အသက်ကြီးလျှင် များသောအားဖြင့် သုံးနှစ်ခန့် ရောက်လျှင် ငြိမ်သွားတတ်ပါသည်။ သီချင်းနှင့် လှုပ်တာကတော့၊ အင်း…သိကြတဲ့အတိုင်း…။

လက်သည်းကိုက်သည့် စိန်တုံးကြီး
ဘာ…စိန်တုံးကြီးအမေ ကရော ကိုက်သတဲ့လား။ ဒါဆိုရင်တော့ ဒေါက်တာရဲလည်း မကယ်နိုင်ပါ။ အစတည်းက ဒီလက်သည်းက ဘာလို့ ထားရသေးသလဲ။ ဒေါက်တာရဲကတော့ ကလေးအမေတွေ လက်သည်းရှည် အလှမွေးတာတွေ တွေ့တိုင်း (လှလှပပ) ဆူသည့်သူပါ။

လက်သည်းအောက်က မမြင်ရသော ကြေး(ဂျီး)တွေထဲမှာ သန်းဥတွေ၊ ဝမ်းလျှောရောဂါပိုးတွေ ရှိနေနိုင်တာ မကြောက်ဘူး၊ မရွံ့ဘူးထား…။ ခြစ်မိမှာ၊ ရှမိမှာတော့ ကြောက်သင့်ပါသည်။ HIV ရောဂါပိုး၊ အသည်းရောင် ဘီ၊ စီ အစရှိသော ပိုးများ မိမိ ပတ်ဝန်းကျင်နှင့် မိမိ ကလေး၏ ပတ်ဝန်းကျင်တွင် အမြဲရှိနေတတ်ပါသည်။

ခြစ်ရာ၊ ရှရာ၊ အစင်းကြောင်း တစ်စုံတစ်ရာမှ မရှိသော အရေပြားသည် အားအကိုးရဆုံး ခံတပ်ကြီးပါ။ မျက်စိ၊ နှာခေါင်းနေရာများရှိ အသားနုများပေါ်သို့ ထိုပိုးများ ထိတွေ့ပါက ခန္ဓာကိုယ်ထဲ ဝင်သွားနိုင်ပါသည်။ အရေပြားပေါ် ထိတွေ့ချိန်တွင် အရေပြားမှာ ခြစ်ရာ၊ ရှရာလေးများ ရှိနေပါကလည်း ဝင်သွားနိုင်ပါသည်။ ကိုယ့်လက်သည်းက ကိုယ့်လက်ချောင်း အပြင် ကျွံထွက်နေသူက ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ကလေးနှင့် ကိုယ့်ယောက်ျားကိုပါ ခြစ်မိ၊ ရှမိ လုံးဝ မဖြစ်နိုင်ဟု ဘယ်လိုလုပ် အာမခံနိုင်ပါမည်နည်း။ ကံမကောင်းလျှင် အမေ့ပေါင်ပေါ်မှာ ငိုနေသော ကလေးကို လုစမ်းရင်းက ကလေးအထူးကု ဆရာဝန်လည်း အမေ့လက်သည်း အကြိမ်ကြိမ် ရှဖူးပါတယ်။

ထားပါတော့လေ…။ လက်သည်းရှည် ဆန့်ကျင်ရေးသမား ဆိုတော့ ကြုံတိုင်းရေးမိတာပါ။

ကလေးတွေ လက်သည်း ကိုက်တာကတော့ သူတို့ စိတ်လေးတွေ ပင်ပန်းနွမ်းနယ်နေလျှင် ကိုက်တတ်ပါသည်။ ထိပ်လန့်နေလျှင်လည်း ကိုက်တတ်ပါသည်။ ပျင်းရိ ငြီးငွေ့နေလျှင်လည်း လုပ်တတ်ပါသည်။ အဲဒါတွေ ဖြစ်နေလျှက်နှင့် တွေ့ကရာ ကောက်ဝါးတာနှင့် ခေါင်းကို တစ်ခုခုနှင့် မဆောင့်တတ်တာကတော့ ကျေးဇူးတင်စရာ။

ပျောက်စေချင်ရင်တော့ ဒီနည်းလမ်းတွေထဲက တစ်ခုခုနှင့် စမ်းကြည့်ပါ။

(၁) လက်သည်းကိုက်တာထက် ဘေးကင်းသည့် လုပ်စရာ တစ်ခုခုပေးထားပါ။ ဥပမာ ညှစ်လိုက်လျှင် တကွိကွိမြည်သည့် ရာဘာဘောလုံးပေးထားတာမျိုး။
(၂) လက်သည်း ကိုက်မိမည် ကြံတိုင်း တစ်ကနေ တစ်ဆယ်ထိ ရေတွက်ခိုင်းပါ။
(၃) လက်သည်း ကိုက်မည်ဆိုလျှင် သူ့အခန်းလေးထဲမှာပဲသူ သွားနေစေပြီး ပေးကိုက်တာမျိုး စမ်းကြည့်ပါ။
(၄) လက်သည်းကို လှလှလေး ဆိုးထားပေးပါ။ (မိန်းကလေးများ အတွက်ပါ။ ဆရာက လက်သည်းရှည် မှပေးမထားဘဲ…ဟု ကြုံတုန်း ဆင်ခြေမတတ်ပါနှင့်။ လက်သည်းက မရှည်လည်းဆိုးလို့ ရပါသည်။ အသက် ၄ဝကျော် ယောက်ျားကြီးတစ်ယောက်၏ ယူဆချက်ကို စိတ်ဝင်တစား နားထောင်ချင်ပါသည် ဆိုလျှင်တော့ ကလေးတွေပဲဖြစ်ဖြစ်၊ မိန်းမပျိုလေးတွေပဲ ဖြစ်ဖြစ်၊ လက်သည်းလေး သန့်သန့်ရှင်းရှင်း ထားရုံပဲ ဖြစ်ဖြစ် ပေါလစ်တင်တင်၊ ဆေးဆိုးဆိုး၊ ပန်းဖော်ဖော် လှသည်ဟု ထင်တတ်ကြပါသည်။ ရှည်စရာ မလိုပါ။)

လက်မ စုပ်သည့် ကလေး
ဒါက အခက်ဆုံး ပြဿနာ ဖြစ်ကောင်းဖြစ်မည်။ ဒေါက်တာ အေရီဘရောင်းကတော့ လက်မစုပ်သည့် ပြဿနာကို လက်မရှိနေသရွေ့ မလုပ်အောင်လုပ်သည့်နည်း မရှိဟု ဆိုသည်။ လက်မစုပ်တော့ လက်သည်းကြားက ပိုးမွှားတွေစုပ်သည့် ပြဿနာကလည်း ရှိနေမည်ပင်။ သို့ပေမဲ့ မတတ်နိုင်တာက ဘာပဲဖြစ်ဖြစ် မတတ်နိုင်တာပဲ။ သတင်းကောင်းကတော့ သူငယ်တန်း စတတ်ချိန်လောက်တွင် သည်အကျင့် အလိုလို ပျောက်သွားတတ်ပါသည်။

စိန်တုံးကြီးဆိုသည့် နာမည်ကိုက လက်လက်ထနေလို့ ပေးတာပါ။ သည်တော့ စိန်တုံးကြီးတွေ ပေါက်ကရ လုပ်သမျှသာ ရေးရလျှင် သည်တစ်လနှင့်တော့ မပြီးနိုင်။

ယခင်လက ရေးသလိုပင် ကိုရီးယားမင်းသား၊ မင်းသမီးအကြောင်းတို့၊ အလှအပရေးရာတို့ နေရာပေးရ ဦးမည်။ လင်္ကာရည်ကျော်ကတော့ ယခင်လက ပါပြီးပြီမို့ ဒီဇင်ဘာကျမှ နေရာပေးရမည် ကြားသည်။

ဒီတစ်လတော့ နားပါရစေဦး။ ရှေ့လကျမှ သည့်ထက် ထူးဆန်းတာလေးတွေ ရေးပါဦးမည်။ စာဖတ် ပရိတ်သတ် မိဘများက ရေးစေချင်တာ ရှိရင်လည်း Perfect က တဆင့် တောင်းဆို နိုင်ပါသည်။

စိန်တုံးကြီးများ ဘဝ လှပကြပါစေ။

ဒေါက်တာရဲ (ကလေးအထူးကု ဆရာဝန်)

Credit To : perfectmagazine

ဆက်ဖတ်ရန်...

ရင်ကျပ်ပန်းနာ ဆိုလိုက်တာနှင့် ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

ဒီတစ်ခေါက် မကွေး ပြန်ရောက်တော့ ပါမောက္ခ၊ ဌာနမှူး အဆင့်မို့ အလုပ်ပိုများလာသည်။ မိသားစုရှိရာ ရန်ကုန်သို့ ခဏခဏ မပြန်ဖြစ်။ ရန်ကုန်က ဆေးခန်းကိုလည်း သူငယ်ချင်းနှင့် ထားခဲ့ရသည်။ အဲဒီ သူငယ်ချင်းက ဘွဲ့အားလုံးနီးနီး ကျွန်တော်နဲ့ အတူတူ ရခဲ့ပြီး အသက်တောင် ၁၃ရက်တည်း ငယ်သည့် တန်းတူအဆင့် ဆရာဝန်ကြီးပါ။ စိတ်ရှည်တဲ့ နေရာမှာ ကိုယ့်ထက် သာသေးသည်။

ဟိုတစ်လောက ရန်ကုန် ခဏပြန်ရင်း ဆေးခန်းတစ်ရက် ပြန်ထိုင်တော့ လူနာရှင် မိဘတစ်ဦးက သူ့ကလေး ပန်းနာ ရင်ကျပ် ချောင်းဆိုးတာ သူငယ်ချင်း ဆေးပေးတာ မပျောက်ဟု ဆိုကာ ကျွန်တော့်ကို ပြန်လာပြသည်။ သူငယ်ချင်း တိုက်ထားသည့် ဆေးကို ကြည့်လိုက်တော့ ကျွန်တော်လည်း တိုက်ချင်သည့် ဆေးပါပဲ။ ဘယ်နှရက် တိုက်ပြီးပြီလဲဟု မေးကြည့်တော့ အံ့သြစရာ။ လုံးဝ မတိုက်ရသေးပါတဲ့။ ဘာဖြစ်လို့ မတိုက်တာလဲဟု မေးတော့ ဆရာ့ သူငယ်ချင်းက ကျွန်မကလေးကို ပန်းနာရှိတယ်လို့ ပြောတယ်။ ပြီးတော့ ဆေးအပြင်းတွေ တိုက်တာကိုးဟု ဖြေသည်။ ကျွန်တော်လည်း ရင်ကျပ် ရှိတယ်လို့ ပြောဖူးတာပဲ။ အဲဒီဆေး တိုက်ဖူးတာပဲဟု စာအုပ်ကို နောက်ပြန် လှန်ရှာပြီး ပြောတော့မှ အံ့သြရသည်။

အင်္ဂလိပ်စကားက Asthma ပန်းနာဟု ဘာသာပြန်ပြန် ရင်ကျပ်ဟု ဘာသာပြန်ပြန်၊ လေပြွန်လေးတွေ ကျဉ်းကျဉ်း သွား၍ ချောင်းဆိုးပြီး မောနေတတ်သည်ဟု အဓိပ္ပာယ်ရသည်။

အဲသည် နာမည်ကလေး တပ်ရုံနှင့်တော့ ပြူးပြူးပြာပြာ မဖြစ်သင့်ကြဟု ကျွန်တော်ထင်သည်။ ဆေးပြင်းသည် ဆိုသည့်စကား ဘာမှ အဓိပ္ပာယ် မရှိကြောင်း ကျွန်တော် ခဏခဏ ရေးဖူးပါသည်။ ဆေးမတိုက်ဘဲ ထားတော့ ရောဂါကရော အန္တရာယ် မရှိတာ ကျနေတာပဲ။

ကျွန်တော်က ဖြည့်ပြောပြတတ်တာလေး တစ်ခုပါပဲ။

ဒီရောဂါ ဖြစ်သည့်အချိန်မှာ ဆေးပေးလည်း ခဏသာ ယခုတစ်ခေါက်သာ သက်သာမည်။ ပြန်ဖြစ်တတ်သည်။ ဘယ်လောက် တစ်ခါ ပြန်ဖြစ်သည် ဆိုတာက တစ်ယောက်နှင့် တစ်ယောက် မတူ။ တစ်နှစ်မှာ တစ်ခါလောက် ဖြစ်တတ်သည့် ကလေးကတော့ ဖြစ်လာလျှင် ဆေးသောက် လုံလောက်သည်။ တစ်လတစ်ခါ ဖြစ်နေလျှင်တော့ ကာကွယ်ဆေးတွေ မှန်မှန်ရှူဖို့ လိုမည်။ လူကြီး ရင်ကျပ်ရောဂါနှင့် မတူတာကတော့ ကလေး ရင်ကျပ်ပန်းနာ ဝေဒနာရှင် ထက်ဝက်ခန့်က လူကြီးဘဝအထိ ပါမသွား။ ကြီးလျှင် ပျောက်သွားမည်ဟု အဲသလို ပြောပြလျှင် လက်ခံကြတာများသည်။

ကဲ… ဘာပဲဖြစ်ဖြစ်။

ရေးဖူးတာ များနေပြီးသား သည်ပန်းနာရင်ကျပ်ရောဂါ ကလေးအကြောင်း မပြောရသေးတာ တချို့တော့ ဖြည့်စွက် ရတော့မည် ထင်မိ၏။

ကလေးတွေဘာကြောင့် ရင်ခဏခဏကျပ်
အာဂန္တု ရောဂါတွေလည်း ရှိသည်။ တစ်ခါကျပ်ပြီး နောက်ပြန်မကျပ်တော့တာမျိုး။ များသောအားဖြင့် အသက် နှစ်နှစ်အောက် စိန်တုံးကြီးများ အရွယ်မှာ တွေ့ရတတ်တယ်။

ခဏခဏ ပြန်ကျပ်နေရင်တော့ ပန်းနာရင်ကျပ်ကို စဉ်းစားရမည်။ ဒါမျိုး မျိုးရိုးလည်း လိုက်တော့လိုက်သည်။ ကူးစက်ရောဂါတော့ မဟုတ်။

ရင်ကျပ်သည့် ကလေးကို ကျပ်စေသည့် အရာတွေကတော့
(၁) ဗိုင်းရပ်ပိုးဝင်ခြင်း
(၂) ဓာတ်မတည့်ခြင်း
(၃) ရာသီဥတု
(၄) လေ့ကျင့်ခန်းနှင့် (၅) စိတ်လှုပ်ရှားခြင်း တို့ကြောင့်ဖြစ်သည်။

ကျပ်လာလျှင် ကလေးက ချောင်းဆိုးမည်။ မောမည်။ ရင်ဘတ်အောက်နှင့် နံရိုးကြားတို့ ချိုင့်ဝင်ပြီး အသက်ရှူရမည်။ တစ်ခါတစ်လေ တရွှီရွှီ အသံကို ကြားရမည်။

မောတာ သိပ်ဆိုးလာလျှင် စကားတစ်ကြောင်းပြည့်အောင် မနားဘဲ မပြောနိုင်တော့။ အဲသည်အဆင့်က အရေးကြီးသည်။

ရင်ကျပ်ပန်းနာမှန်း ဘယ်လိုသိ
တစ်ခါကျပ်တိုင်းတော့ ရင်ကျပ်ပန်းနာဟု မသတ်မှတ်။ ပေးသည့် ဆေးကတော့ အဲသည် ရင်ကျပ်ပန်းနာ ပျောက်ဆေးတွေ ပါပဲ။ အဲဒါတွေနှင့် သက်သာ၊ မသက်သာ စောင့်ကြည့်ရမည်။

နှစ်ခါကျပ်လျှင် နည်းနည်း သတိထားတော့။ ဆေးကတော့ သည်ဆေးတွေပါပဲ။

သုံးခါကျပ်လျှင်၊ ပြီးတော့ တစ်ခြား အကြောင်းရင်း ရှာမရလျှင်တော့ ဆရာဝန်က ရင်ကျပ်ပန်းနာဟု သတ်မှတ်တော့မည်။ ဘာမှမလိုပါ။ နားကြပ် တစ်ချောင်းနှင့် သတ်မှတ်နိုင်ပါသည်။

ဆရာဝန်ကိုလည်း စိတ်မဆိုးပါနှင့်။ ကု၍ မပျောက်သော ရောဂါကြီးဟု ပြောတာမဟုတ်ပါ။ ကြီးလာလျှင် ပျောက်မှာပါ။ သို့သော် ကြီးလာလျှင် ပျောက်မပျောက်က ငယ်စဉ်မှာ ထိရောက်သော ကာကွယ်စောင့်ရှောက်မှုများ စောစောစီးစီး လုပ်လာခဲ့ပါသလား၊ မလုပ်ခဲ့ဖူးလား အပေါ်မှာ တည်မှီ နေပါသည်။ ဒါကြောင့် စောစော စကုချင်လို့ သတ်မှတ်တာပါ။

တန်ဆေးလွန်ဘေးတဲ့။
ကုသမှုကလည်း ဘေးထွက် ဆိုးကျိုးတော့ ရှိတာအမှန်ပင်။ သို့သော် ရောဂါကလည်း လွှတ်ထားလို့မရ။ သည်တော့ လူနာကို မှန်မှန် ပြန်ခေါ်ကြည့်၍ ဆေးကိုလိုတိုး ပိုလျှော့ ချိန်ဆရသည်။ အဲဒါကို step-up နဲ့ step-down လုပ်သည်ဟု ခေါ်သည်။

ဘယ်လို ကုသမှာလဲ
ဆေးက နှစ်မျိုး၊ နှစ်အုပ်စု ရှိသည်။

ဖြစ်လာလျှင် ရင်ကျပ်လျှင် ပေးထားသော ဆေးအမျိုးအစားနှင့် မကျပ်အောင် ကြိုတင်၍ ပေးထားသော ကာကွယ်ဆေး အမျိုးအစားတို့ဖြစ်သည်။

ကျပ်လာလျှင်ပေးသော ဆေးများကို သောက်ဆေးလည်း တိုက်၍ ရသည်။ ရှူဆေးလည်း ရှိသည်။ ရှူဆေးက ပိုကောင်းသည်။ ရှူဆေးက ပိုကောင်း၍ ပိုဘေးကင်းသည်။ သို့သော် ဈေးပိုကြီးသည်။ ကလေးအငယ်များတွင် မရှူတတ်မှာ စိုး၍ အလယ်က ပလတ်စတစ် ပြောင်းတစ်ခု ခံရသေးသည်။ အဲသည်ပြောင်းက ပို၍ ဈေးကြီးသေးသည်။ ပြီးတော့ စနစ်တကျ ရှူတတ်အောင် လေ့ကျင့်ပေးရသည်။ သိပ်ကျပ်သည့် အချိန်မှာတော့ Nebulizer ခေါ် ရေနွေးငွေ့ စက်ငယ်ဖြင့် မှုတ်ပေးရသည်။ ထိရောက်မှုအား ကောင်းသော်လည်း ဆေးပမာဏက ရှူဆေး ရိုးရိုးထက် ၁၀ဆ ခန့်များသည်။ နည်းနည်း ကျပ်ရုံမျှဖြင့်တော့ မသုံးသင့်။

ကာကွယ်ဆေးတွေကတော့ ရှူဆေးချည်း သက်သက် လိုပါပဲ။ ဟိုတုန်းက Ketasma ခေါ် သောက်ဆေးတစ်မျိုး ပေါ်ဖူးသည်။ အန္တရာယ် သိပ်မရှိသဖြင့် ကျွန်တော်တို့ ယခုထက်ထိ သုံးနေကြတုန်းပါပဲ။ Montelukast ကတော့ ယခုမှပေါ်လာသည်။ နိုင်ငံခြားမှာတော့ လက်ခံကြပြီ။ သည်မှာတော့ ယခုမှ စမ်းသပ်ဆဲ ဖြစ်သည်။

ခဏခဏမကျပ်အောင်
ဆေးနှင့် ကာကွယ်ရတာ များမှာစိုးလျှင် ကျပ်စေသည့် အကြောင်းတရားများကို ရှောင်ရမည်။ ဒါကလည်း အမြဲတော့ မဖြစ်နိုင်ပါ။ နိုင်သလောက်တော့ လုပ်သင့်သည်။

(က) ဓာတ်မတည့်ခြင်း နည်းစေဖို့
ဖုန်မှုန့်၊ ဝတ်မှုန်၊ ပန်းမှုန် လေထဲမှာ များသည့် အချိန်မျိုးတွင် ပြတင်းတံခါးများ ပိတ်ထးပါ။ ကြောင်တွေ၊ ခွေးတွေ ကလေး အနားမှာ မထားပါနှင့်။ အိမ်ထဲမှာ မြင်ရသော၊ မမြင်နိုင်သော ပိုးမွှား၊ မှိုအစရှိသည့်တို့ အားလုံး ကင်းစင်အောင် ရှင်းလင်းထားပါ။

(ခ) ဗိုင်းရပ်ပိုးမဝင်စေဖို့
ကလေး၊ လူကြီးအားလုံး လက်မှန်မှန်ဆေးပါ။ တုပ်ကွေးအဖြစ် များနေချိန်တွင် လူထူထူရှိရာ ခေါ်မသွားပါနှင့်။

(ဂ) လေ့ကျင့်ခန်း
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိပါက ကျပ်တတ်သော ကလေးမျိုး ရှိပါသည်။ ထိုကလေးများအတွက် လေ့ကျင့်ခန်း လုပ်ခါနီး ကြိုပေးရသော ဆေးတချို့လည်း ရှိပါသည်။ ရှာ၍ ဆောင်ထားပါ။

(ဃ) အိမ်တွင်းက အငွေ့တချို့
စီးကရက် မီးခိုးက ပိုဆိုးပါသည်။

လူကြီးက ကလေးအနားမှာ မသောက်တောင် သောက်တတ်သည့် လူကြီးကိုယ်မှာ စွဲနေသည့် အငွေ့ကြောင့် ကလေးက မကြာခဏ ရင်ကျပ်တတ်ရုံသာမက နားပြည်ပါ ယိုတတ်သည်။ ကလေး ရှိလျှင်တော့ ထိုကလေး ရင်ကျပ်ပန်းနာ ရှိရှိမရှိရှိ ဆေးလိပ် ဖြတ်ပစ်သင့်ပါသည်။ ဆက်သောက်နေသော မိဘကို ဘာအမည် တပ်၍ ဆူပူ ကြိမ်းမောင်းရမှန်း ကျွန်တော် စဉ်းစား၍ပင် မရပါ။ ရေမွှေး၊ ပေါင်ဒါနှင့် ငါးကြော်သည့် အနံ့များကြောင့်လည်း ဖြစ်တတ်ပါသေးသည်။

(င) အကောင်ပလောင်တွေ
ပိုးဟပ်ကို ရင်ကျပ်ရောဂါ၏ နံပါတ်တစ် တရားခံဟု တွေ့ထားကြသည့် သုတေသနတွေလည်း ရှိသည်။ ပိုးဟပ်ကကျသည့် သွားရည်နှင့် မစင်ကို မတည့်သူတွေ တော်တော်များသည်။

House dust mite ဟုခေါ်သော သာမန်မျက်စိနှင့် မမြင်ရသည့် အင်းဆက် တစ်မျိုးကလည်း တော်တော်ဆိုးသည်။ သူက လူ့အရေပြားက ထွက်ကျသည့် အစအနလေးများကို စား၍ နေတတ်သည့် အကောင်တစ်မျိုးပါ။ အိပ်ရာခင်း၊ ခန်းဆီး၊ ကော်ဇော၊ မွေးပွရုပ် အစရှိသည်တို့မှာ နေတတ်ပါသည်။

(စ) မှို
စွတ်စို ထိုင်းမှိုင်းသည့် အိမ်တွင်း၊ အိမ်ပြင် နေရာများတွင် ရှိနေတတ်သော မှိုများသည်လည်း ရင်ကျပ်စေပါသည်။

(ဆ) တိရစ္ဆာန်
ခွေးတွေ ကြောင်တွေကြောင့် ရင်ကျပ်တတ်သော ကလေးတွေလည်း ရှိပါသည်။

ကောင်းတာကတော့ အောက်က အချက်လေးတွေကို လိုက်နာပါ။
၁။ ထမင်းစားခန်းနဲ့ မီးဖိုချောင်မှာပဲ အစားအစာ စားကြပါ။
၂။ ရေခဲသေတ္တာထဲ ထည့်ရန် မလိုသော အစားစာများကို လုံခြုံ တင်းကြပ်စွာ ဖုံးအုပ်ထားပါ။
၃။ အမှိုက်နေ့စဉ်စွန့်ပစ်ပါ။
၎။ စားပွဲ၊ ဗီရို၊ ကောင်တာများ မှန်မှန်သန့်စင်ပါ။
၅။ နံရံ အက်ကြောင်း ကွဲကြောင်းများ မှန်မှန်ပြုပြင်ပါ။
၆။ သစ်သား ကြမ်းပြင်များကို အဝတ်စိုဖြင့် မှန်မှန်သုတ်ပါ။ (ပိုးသတ်ဆေးအချို့ တည့်နိုင်ပါသည်။)
၇။ ဖုန်မှုန့်များ အဝတ်စိုဖြင့် မှန်မှန်သုတ်ပါ။
၈။ ကော်ဇောကို ဖုန်စုပ်စက်ဖြင့် မှန်မှန်စုပ်ပေးပါ။ မလုပ်နိုင်လျှင် ကော်ဇော မထားပါနှင့်။
၉။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်၊ စောင်များ မှန်မှန်ပြုတ်လျှော်ပါ။
၁၀။ အမှုန် ခိုအောင်းနိုင်သော ပစ္စည်းများ ရှင်းပစ်ပါ။ (မွေးပွအရုပ်၊ ဆုတံဆိပ်… စသည်) ရေဆေး၍ ရသော အရုပ်များသာ ဝယ်ပေး၍ မှန်မှန် ဆေးကြောပါ။
၁၁။ အိမ်ကို တတ်နိုင်သလောက် ခြောက်သွေ့စေပါ။(နေရောင် ဝင်ပါစေ)
၁၂။ ဆေးလိပ် မသောက်ပါနှင့်။ (မိဘ ဆေးလိပ်သောက်လျှင် ရင်ကျပ် မဖြစ်သေးသော ကလေးပင်လျှင် ရင်ကျပ်ပန်းနာ ဖြစ်ရန် အခွင့်အလမ်း နှစ်ဆ ရှိပါသည်)
၁၃။ တိရစ္ဆာန်များနှင့် ကလေး တစ်နေရာတည်း မနေရပါ။ တစ်လှည့်စီလည်း မနေရပါ။ ကလေးနေနေကျ နေရာကို တိရစ္ဆာန်မလာစေရပါ။
၁၄။ နိုင်ငံခြားမှာတော့ အမှုန်အမွှား မကပ်နိုင်အောင် ဖုံးအုပ် ကာကွယ်သော အစွပ်များ၊ ရင်ကျပ်ပန်းနာ ရောဂါသည် ကလေးရှိသော အိမ်များအတွက် သီးခြား ဒီဇိုင်းလုပ် ထုတ်လုပ်သည်ဟု ကြားဖူးသည်။ ဒီမှာတော့ မတွေ့သေးပါ။

စိန်တုံးကြီးတို့ ရင်ကျပ်ပန်းနာဘေး ကင်းဝေးကြပါစေ။

ဒေါက်တာရဲ(ကလေးအထူးကုဆရာဝန်)

Credit To : perfectmagazine

ဆက်ဖတ်ရန်...

ကလေးကို ရေချိုးခြင်း ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

စိန်တုံးကြီး အရွယ်၊ တစ်နည်းအားဖြင့် ကျောင်းမသွားခင် အရွယ်လေးတွေကို အဓိကထားပြီး ဆောင်းးပါး တစ်နှစ်ခွဲ ခန့် ကြာအောင် ရေးနေသော ဒေါက်တာရဲကို မသက်(ခင်သက်ဦး)က စိတ်မရှည် ဖြစ်လာ ဟန်တူသည်။ နိုင်ငံခြားက စာအုပ်တွေ ဝယ်လာသတဲ့။ တခြား အကြောင်း ပြောင်းရေးလို့ ရအောင်တဲ့။

ရေးနိုင်ပေါင်ဗျာ။ စိန်တုံးကြီးတွေ အကြောင်းက ရေးလို့မှ မဝသေးတာ။ ဒေါက်တာကတော် လည်း နာဂစ် ရန်ပုံငွေ စာအုပ်အရောင်း ပွဲတော်မှာ စာအုပ်တွေ သွားဝယ် လာသေးတာပဲ။ ဖတ်ကြည့်တော့ သိပ်မကြိုက်။ မသက် စာအုပ်ကတော့ ကြိုက် မကြိုက်ပင် မပြောနိုင်သေး။ မသက် ထုံးစံအတိုင်း `ဆရာ့ဆီ လာပေး မလို့´ ဟုဆိုလျှင် နှစ်လ၊ သုံးလတော့ စောင့်ရမည်။

အမေရိကန် ပြည်ထောင်စုကနေ စာအုပ် ပို့ပို့ ပေးသော ငယ်သူငယ်ချင်း ဒေါက်တာ လဲ့ဝေသန့်ကတော့ သူကိုယ်တိုင် ကလေး အထူးကု ဆရာဝန် မို့ စာအုပ် အရွေး တော်တော် တော်တယ်။ သူ့ စာအုပ်ကကိုးကားစရာ အများကြီး။

ကိုင်း...ဒီ တစ်လ တော့ စိန်တုံးကြီး တို့၏ တစ်ကိုယ်ရေ သန့်ရှင်းမှု ပြဿနာလေး တွေ နည်းနည်း ဆွေးနွေးကြပါစို့။

ရေချိုးခြင်း
ကလေးကို တစ်နေ့ကို ဘယ်နှကြိမ်မှ တစ်ခါ ရေချိုးပေးမယ်လို့ ပုံမှန်ရယ်လို့တော့ မရှိ။ ရာသီဥတု အေးလျှင် တစ်မျိုး၊ ပူလျှင် တစ်မျိုး တော့ရှိမည်.။ အညာမှာ တော့ လူကြီးတွေကအစ ရေကြောက်ကြတယ်။ကလေးကို မွေးကတည်းက ခြောက်လသား အထိ ရေနှစ်ခါသာ ချိုးပေးဖူးသော မိဘ အကြောင်းကိုကျွန်တော် ဆောင်းပါး ထဲ ထည့်ရေးခဲ့ဖူးသည်။ကလေးကို ရေမချိုးပေးသဖြင့် ကြေး(ဂျီး)ထူရာက အနာပေါက်၊ အနာပေါက်ရာက ကျောက်ကပ် ရောင်သည့်ကလေးတွေ တွေ့ရတာ များလွန်း သဖြင့် `ရေမချိုး လို့ မဖြစ်သည့် ရောဂါ´ အမည်ဖြင့် ကျောက်ကပ်ရောင် ရောဂါ အကြောင်း လည်း ရေးခဲ့ ဖူးသည်။ ရေချိုးသည့် နေရာမှာကလေး ဖျားလျှင် ရေချိုးလို့ ဖျားတာဟု သတ်မှတ် ပါက မိုးရွာတာ ဖားအော်လို့ ဆိုတာမျိုး ကြုံသလို အတင်းဆွဲ ဆက်စပ် ယူထားသည့် အခြေ အမြစ် မခိုင်လုံ၊

သိပ္ပံနည်း မကျသော ကောက်ချက်သာ ဖြစ်လိမ့်မည် ဟုလည်းကျွန်တော် ရေးခဲ့ ပါသည်။ ပူသည့် ရာသီ တစ်နေ့ တစ်ခါတော့ ချိုးပေါ့။ ဆော့ထားလို့ ချွေးတွေ သံတွေနှင့် ဖြစ်နေလျှင်လည်း ချွေးတိတ်အောင် ခဏ စောင့်ပြီး ထပ်ချိုးပေါ့။ အေးသည့် ရာသီကျတော့ ရေနွေးစပ်ချိုး၊ တစ်ရက်ခြားလောက် ချိုးပေါ့။ သေချာတာကတော့ အသက် တစ်နှစ်အောက်ကလေးထက် စာလျှင် စိန်တုံးကြီး အရွယ်က ပိုဆော့၊ ချွေးပိုထွက် သဖြင့် ရေပို ချိုးဖို့တော့ လိုလိမ့်မည်။

ရေချိုးလျှင် Baby Soap ဒါမှမဟုတ် Shampoo ခေါ်ကလေးသုံး ဆပ်ပြာတုံး၊ ဆပ်ပြာကို လိုက်သုံး လျှင် ရမည်လားဟု မေးတတ် ကြသည်။ ပုံမှန်ကလေးများ အတွက်ကတော့ မိသားစုသုံး လူကြီး ဆပ်ပြာကို လိုက်သုံး လို့ ရပါသည်။ကလေး ဆပ်ပြာများ၏ အဓိက ကောင်းသည့် အချက်ကတော့ မျက်လုံးထဲ မတော် တဆ ဝင်လျှင် မစပ်တာပါ။

နို့ပွေး၊ နှင်းခူ ထူသည့်ကလေး အတွက်တော့ Hypoallergic ခေါ် အမွှေး နံ့သာ မပါ၊ ဆိုးဆေး မပါ သည့် ဆပ်ပြာကို သုံးရပါမည်။ အဲဒါတွေကို Wellness မဂ္ဂဇင်းထဲမှာ `ပွေး မဟုတ်သော နို့ပွေး´ အမည်ဖြင့်လည်းကျွန်တော် ဆောင်းပါး သက်သက် ရေးခဲ့ ဖူးပါသည်။

အနှီးလောင်တာ
အနှီး သို့မဟုတ် Diapper ခေါ် သေးခံ လောင်တာ တစ်နှစ်အောက် အရွယ်ကတည်းက ကြုံတွေ့ ခဲ့ရသည့် ပြဿနာပါ။ တချို့ကလေးတွေ စိန်တုံးကြီး အရွယ် အထိ သည်ပြဿနာ ဆက်တက် နေရ ပါသည်။ နေ့ခင်းမှာ ရှူးရှူးပေါက် မချတတ် တော့တာ အသက် နှစ်နှစ်၊ ညမှာ ပါ ပေါက်မချ တတ်တော့သည့် အရွယ်က လေးနှစ်ပါ။ နေ့ပဲ ဖြစ်ဖြစ်၊ ညပဲ ဖြစ်ဖြစ် အီးအီး ပါမချ တတ်တော့ တာက သုံးနှစ်ပါ။

ဒီ အရွယ် မတိုင်မီက Diapper သေးခံ သုံးသုံး မသုံးသုံး ရှူးရှူး အီးအီး တို့နှင့်ကလေး အသား ထိထိ နေသည့် ပြဿနာကတော့ ရှိနေဦးမှာ ပင်။ တချို့ကလေးတွေ အတွက် အဲဒါက ဘာမှ မသိသာ ပေမဲ့ တချို့ကလေးတွေ အတွက်ကတော့ အရေပြား တွေ လောင်တတ် ပါသည်။ ကျွန်တော်တို့ အသုံးများတာကတော့ ဇင့် အောက်ဆိုဒ် လိမ်းပေးပါ။ အနှီး သို့မဟုတ် Diapper သေးခံလဲ တိုင်းကလေး အီးအီး၊ ရှူးရှူး တို့နှင့် ထိတွေ့ နေကျ နေရာများကို လိမ်ပေးလျှင် သက်သာ ပါသည်။ ဗယ်ဆလင်း အဆီသည် လိမ်းပေးနိုင် သော်လည်း လောလောဆယ်မှာ တော့ ဇင့်အောက်ဆိုဒ်က တော်တော် ရှာရ လွယ်ပါသည်။

တစ်ခါ တစ်လေ မှာ အနှီး လောင်ထားတာ နီနီ ရဲရဲ အသားပြင်လေးက ပေါင်ခြံ အကွေး၊ ရှူးရှူး အီအီး မထိနိုင်သော နေရာ အထိ တစ်ဆက်တည်း လောင်နေသည့် အပြင် အနီပြင်၏ ဘေး၊ အဆုံးနေရာ များတွင်ပါ သဲမှုန်လေးများ ကြဲပက်လိုက်သလို ဟိုတစ်စက် ဒီတစ်စက် အသားကောင်း နေရာများ အထိ ပျံ့နှံ့ နေပါက Candida ခေါ် မှိုပိုး တစ်မျိုးကြောင့် ဖြစ်နိုင်ပါသည်။ အဲသလို တွေ့လျှင် Clotrimazole ပါသော မှိုပိုး လိမ်းဆေး တစ်မျိုးမျိုး (ဈေးကွက် ထဲ တွင် နာမည် တော်တော် များများ ရှိပါသည်)ကို တစ်နေ့ နှစ်ခါ တစ်ပတ် ခန့် လိမ်းပေး ရပါသည်။

ရွှေပန်းထိပ်က အရေပြားလေး ဖြတ် ဖို့ လို မလို
မွေးကင်းစကလေး ဘဝကတည်းက ဘာသာရေး အရ ဖြတ်သူတွေ လူမျိုး ဓလေ့ ထုံးစံ အရ ဖြစ်သူတွေ ရှိပါသည်။ ကျန်းမာရေး ရှုထောင့်က ကြည့်လျှင်လည်း အဲသည် အရေပြားလေး နှင့် အောက်က ဂျိုးထိပ်လေးကြား အိတ်လေးလို ဖြစ်နေသော နေရာလေးမှာ ဖြူဖြူ နှစ်နှစ် ရှူးရှူး ဂျိုး တွေ Smegma လာကပ် နေတတ်ပါသည်။ အဲဒါတွေ ရှိနေလျှင် ရေရှည် နှစ်ပေါင်း များစွာ ကြာသောအခါ သူ့ကျန်းမာရေးရော၊ သူယူမည့် ဇနီးကျန်းမာရေးကိုပါ ထိခိုက် နိုင်ကြောင်း တော်တော် များများ သိကြသည်။ ဒီ နိုင်ငံမှာတော့ ဒါ ပုံမှန် ဖြတ်နေကျကိစ္စတော့ မဟုတ်။ ကျွန်တော်တို့ကလေး ဆရာဝန်တွေကလည်း အဲသည်ကိစ္စ လာတိုင်ပင်လျှင် သဘောပဲ ဟု ပြောလေ့ ရှိသည်။

ဆိုလိုတာက အရေပြား ဖြတ် မဖြတ်က အဓိက မကျ။ သန့်ရှင်းဖို့က သာ အဓိကပါ။ သန့်ရှင်းချင်တော့ အရေပြားကို နောက်သို့ ဆွဲလှန်ပြီး အတွင်းပိုင်းကို ဆေးကြောရမည်။ ဆွဲကြည့်တော့ အရေပြားလေးက ပွင့်မလာ။ အကြောင်းက နှစ်ခု ရှိနေသည်။ တစ်ခုက အရေပြားထိပ်က အပေါက် လေးကျဉ်းလွန်းနေသည်။ အဲဒါကို Phymosis ဟုခေါ်သည့် အပေါက် လေးကျဉ်းလွန်း နေသဖြင့် ရှူးရှူးပေါက် ရာတွင်ပင် အခက် အခဲ ဖြစ်နေလျှင် မကောင်းပါ။ ဖြတ်သင့်သည်။ တစ်ခါ တစ်ရံ အပေါက်က မကျဉ်းသော်လည်း အရေပြား နှင့် အောက်က ဂျိုးလေးကြား မှာ အရွတ်တွေ၊ အခင်တွေနှင့် တွဲနေ၍ ဖွင့်ရခက်တတ်သည်။ ဆွဲမဖွင့် လိုက်ပါနှင့်။ ဖွင့်လိုက်လျှင် အရေပြားလေးက နောက် ပြန်လန် သွားပြီး ဂျိုးထိပ်လေး ၏ အရင်းကို သားရေကွင်း စွပ်သလို ချည်မိသွားပါက ဂျိုးတံထိပ်လေးကို သွေးမစီးနိုင် ဖြစ်ပြီး အရေးပေါ် ခွဲစိတ်ရတတ်ပါသည်။ Paraphymosis ဟုခေါ် သည်။ အဲဒါက Phymosis ထက် ပို၍ အရေးကြီးသည်။

များသော အားဖြင့်တော့ အဲသည့် အရွတ်တွေ၊ အခင်တွေကကလေး အသက် ငါးနှစ်လောက်မှာ အားပျော့သွားပြီး အရေပြားလေးက ဖွင့်၍ ရသွားတတ်ပါသည်။ အဲသည်အခါကျမှ တစ်ပတ်ကို နှစ်ခါ သုံးခါ လောက် ဆေးပေးပါ။ ဆေးပြီးလျှင် အရေပြားကို ပြန်ဆွဲချ ဖုံးပေးခဲ့ပါ။ နောက်မှာ လှန်မထားခဲ့ပါနဲ့။ လူပျိုဘော် ဝင်နေလျှင်တော့ ကလေးက သူ့ဟာ သူ နေ့စဉ် ဆေးရ ပါမည်။ အဲဒါကို သင်ပေးပါ။

ငါးနှစ်အောက်မှာ အရေပြားက သူ့ဟာသူ ပွင့်မလာခင် မှာတော့ အတင်းဆွဲ မဖွင့် လိုက်ပါနဲ့။ စောစောက ပြောသည့် Paraphymosis ဖြစ်တတ် ပါသည်။ အဲသည် အရွယ်မှာတော့ ရှူးရှူးဂျိုး (Smegma) ဟာ သူ့ဟာသူ ထွက်လာ တတ်ပါတယ်။ အဲသည့် အခါ အရေပြား ထိပ်မှာ ဖြူဖြူ အနှစ်လေးတွေ တွေ့ရ၍ မိဘတွေ စိတ်ပူ တတ်ကြ ပြန်သည်။ အဲဒါကတော့ ပုံမှန် ပါပဲ။

အဲလို အရေပြားလေး တွေ နီုမြန်း၍ ရောင်နေလျှင် Paraphymosis မှာ ရေနွေး(ကြက်သီးနွေးလောက်) လေး ထဲမှာကလေးကို စိမ်ထိုင်စေပြီး ရှေ့သို့ ပြန်ဆွဲ ကြည့်နိုင် ပါသည်။ မရလျှင် ဆရာဝန်ဆီ ပြပါ။

တော်တော် အမေး များသည့် မေးခွန်း တွေပါ။
ဒီကိစ္စကို အရင် ဆောင်းပါးတွေ မှာလည်း ကျွန်တော် မရေးခဲ့စဖူး။ တိုက်ဆိုင်၍ အရင် စိန်တုံးကြီးများ အကြောင်းထဲမှာ လာရေးပြ တာပါ။ သည့်ပြင် အရွယ်တွေ အတွက်လည်း အသုံးတည့် နိုင်ပါသည်။

စိန်တုံးကြီးများ အကြောင်းလည်း ပြည့်စုံ သလောက်တော့ ရှိလာပြီ။ ဘွဲ့ကြို ကျောင်းသား ဘဝကတည်းက `သွား´ အကြောင်း မသင်ခဲ့ ရသော ဒေါက်တာရဲ စိန်တုံးကြီးများ၏ သွားပြဿနာ အကြောင်း ဆက်ရေးသင့် မရေးသင့် အလုပ် နည်းနည်းပါးတော့ နဖူးပေါ် လက်တင် စဉ်းစားလိုက် ပါဦးမည်။

စိန်တုံးကြီး တို့ကျန်းမာ သက်ရှည် ရောဂါကင်းကြပါစေ။
ဆန္ဒမွန်ဖြင့်

ဒေါက်တာရဲ(ကလေး အထူးကု ဆရာဝန်)

Credit To : perfectmagazine

ဆက်ဖတ်ရန်...

ပြောမရ၊ ဆိုမရကလေးဆိုတာ ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

ကလေးမမွေးမီ ကြိုတင်ပြင်ဆင်သည့် အချိန်မှအစပြု၍ ဆယ်ကျော်သက်အရွယ် အပျိုပေါက်၊ လူပျို ပေါက်အဆင့်အထိ ပြုစုပျိုးထောင်နည်းများကို Perfect မဂ္ဂဇင်း စထုတ်ဝေသည့် အမှတ်(၁) ကတည်းကစ၍ အခန်းဆက်ရေးသား ပေးခဲ့ရာ စာဖတ်ပရိသတ် နှစ်သက်ကြကြောင်းကို သိ၍ ဝမ်းသာ ရသည်။


Perfect အုပ်စု ရတနာသိုက်စာပေမှလည်း ထိုဆောင်းပါး ပေါင်းချုပ်ကို ‘ရင်သွေးရတနာကလေးများအတွက်’ အမည်ဖြင့် အရောင်းရ အသွက်ဆုံးစာအုပ် စာရင်းဝင် အဖြစ် MRTV-4 မှကြေညာသည့်ထဲတွင် ပါလာတော့ ကိုယ်ပြောချင်တာလေးတွေ မိဘများ သိခွင့်ရပြီ ဟုဝမ်းသာပီတိ ဖြစ်ရသည်။ထိုစာအုပ်ကို အခြေခံ၍ IHBC တွင် သွားရောက်ဟောပြောရာ မမျှော်လင့်ဘဲ MRTV-4 အဖွဲ့ရောက်လာ၍ အစအဆုံး ဗီဒီယို ရိုက်ယူသွားပြီး MRTV-4 အစီအစဉ်မှ နှစ်ပိုင်းခွဲ၍ အကြိမ်ကြိမ် ပြန်လွှင့်ကြောင်း ကြားရတော့လည်း ကျေနပ်ရပြန်သည်။

Perfect ကတော့ နောက်တစ်ခု လုပ်ပါဦးဟု ပူဆာသဖြင့် ‘ဒါ စိုးရိမ် စရာလား’ အခန်းဆက်ဆောင်းပါး ကို ဆက်တိုက် ရေးပေးခဲ့ သည်။ မှတ်မိသလောက်တော့ ခုနစ်ပိုင်းလောက်သာ ရှိမည်ထင်ပါသည်။နိဂုံးချုပ်ရပြန်သည်။ ပရိသတ်က အားမပေး၍ မဟုတ်။ Perfect ကဆောင်းပါးပေါင်းချုပ် ကလည်း မျက်နှာဖုံး အဆင်အပြင် ကြေး(ဂျီး) အများလွန်၍ မမီသဖြင့် တစ်လနားရသည်နှင့် အတော်ပဲ ဖြစ်သည်။ အစကတည်းက စိုင်းစိုင်းနှင့်သက်မွန်မြင့် မတွဲဘဲ ဒေါက်တာရဲ နှင့် စိုင်းစိုင်းတွဲပြီးလမ်းလျှောက်လာတာ ရိုက်ရင်ပြီးရော။ သားအဖ လိုတော့ ရုပ်မတူ။ဘယ်သူမှလည်း ထင်မည် မဟုတ်။ သို့သော်’it’ ခေတ်ကြီး ထဲမှာ ’it’ ကို ဂုဏ်ပြုရာ ရောက်မည်။ နှစ်ယောက်လုံးကတော့ ’it’ ပညာရှင်တွေမဟုတ်။ ဒါပေမဲ့ ဒေါက်တာ ရဲအရပ်နှင့် စိုင်းစိုင်းအရပ် ယှဉ်လိုက်လျှင်’it’ ကို ပြေးမြင်မိနိုင်သည်။ မသက် Operational Director (ခင်သက်ဦး) ကို ဒီအကြံ မပေးလိုက်ရ။

ထို‘ရင်သွေးရတနားကလေးများအတွက်’ ဆောင်းပါးရှည်ကြီး ကိုရေးခဲ့စဉ်က ‘စိန်တုံးကြီးများ’ ဆိုသည့် ဝေါဟာရ တစ်ခုကိုကျွန်တော်မိတ်ဆက်ခဲ့သည်။ ကိုယ်ပိုင်စကားလုံးတော့မဟုတ်။ကျွန်တော့် ဆရာသဖွယ်၊အစ်ကိုသဖွယ် ခင်မင်လေးစားရသော အစ်ကိုကြီး ပါမောက္ခဖေသက်ခင်(ဌာနမှူး၊ ကလေး ကျန်းမာရေးပညာဌာန၊ ဆေးတက္ကသိုလ် မန္တလေး)၏ စကားလုံးဖြစ်သည်။ အသက်တစ်နှစ်ကျော် နောက်ပိုင်း ကျောင်းမတက်ခင် အရွယ်လေးများကို အင်္ဂလိပ်တို့က Toddler ဟုခေါ်သည်။ လိုက်ဆွဲနေရသော အရွယ်ဆိုပါစို့။ ထိုအရွယ်လေးများကို ‘လက်လက်ထ’ နေသည်ဟု မြန်မာ မိဘတို့က သုံးစွဲလေ့ရှိကြသည်။သူကတော့ ကိုယ့်ကလေးကိုယ်’လက်လက်ထနေသည်’ ဟုမပြောချင်၍ ‘စိန်တုံးကြီး’ ဖြစ်နေသည်ဟု ဝင်္ကဝုတ္တိနှင့် ဆိုသည်ဆိုပဲ။ ဒီတော့ ကျွန်တော်ကလည်း Toddler ကလေးများကို ‘စိန်တုံးကြီးများ’ ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။

တကယ်တော့ ‘ရင်သွေးရတနားကလေးများအတွက်’ တွင်ပါဝင်ခဲ့သော ကျွန်တော့် ဆောင်းပါးများမှာ ကလေးများတွင် ဖြစ်တတ်သော ရောဂါများကို ကုသသည့် ဆေးပညာ(Curative Medicine) အပေါ်တွင် အခြေမခံပါ။ ကြိုတင် ကာကွယ်သည့် ဆေးပညာ (Preventive Medicine) နှင့်ပြုစုပျိုးထောင် သည့် ဆေးပညာ (Promotive Medicine) တို့ပေါ်တွင် အခြေခံ ပါသည်။ ဆေးကုနေသော ကလေးအထူးကု ဆရာဝန် တစ်ဦးမို့ တကယ်တော့ ထိုပညာနှစ်ခုကို စိတ်ဝင်စားသော်လည်း ကျွန်တော် မကျွမ်းကျင်ပါ။ကံအားလျော်စွာပင် ထိုဆောင်းပါးရှည်ကြီး စမရေးခင် အချိန်ပိုင်းလောက်က တက္ကဆက်ပြည်နယ်တွင် အခြေချနေထိုင်သော ငယ်သူချင်းကလေးအထူးကုဆရာဝန် ဒေါက်တာ လဲ့ဝေသန့်က’ နင်စာတွေပြန်ရေးနေတယ်ဆိုလို့’ ဟုဆိုကာ ထိုပညာ နှစ်ခုနှင့် စပ်လျဉ်း၍ အဖိုးတန်လှသော စာအုပ်စာတမ်း နှင့်CD ခွေများပို့ပေးလိုက်သဖြင့် အလွန်အသုံးတည့်ခဲ့ရသည်။ ယခုလည်းထိုစာအုပ် အောင်မြင်မှုအတွက် ကျေးဇူးတင်ကြောင်း Email ပို့လိုက်တော့ Toddler အရွယ်နဲ့ ပတ်သတ် တဲ့စာအုပ်များ ပို့ပေးလိုက်ပြီဆိုပဲ။ ‘စိန်တုံးကြီးများအကြောင်း’ ရေးမလို့ကြံတာနဲ့ အတော်ပေါ့။ ခက်တာက စာအုပ်တွေက ရောက်မလာသေး။ ဒီမှာကဖြင့် မသက်က မေးနေပြီ။

ရှိစေတော့။တတ်သလောက် ၊မှတ်သလောက်နှင့် စရတော့မည်။

‘ပြောမရ၊ဆိုမရတဲ့ကလေး’ ဆိုတဲ့ စကားလုံးကပဲ စပါစို့။

ပြောမရ၊ဆိုမရကလေးဆိုတာ
Hyperactive Child ခေါ် ဂဏာမငြိမ်သောကလေးများ အကြောင်း ကျွန်တော် ရေးပြီး ကတည်းက ‘ဆရာ့စာထဲက အတိုင်း ဖြစ်နေလို့ပါဆရာရယ်’ ဟုဆိုကာ လာတိုင်ပင်ကြသော ကလေးမိဘ တော်တော်များများနှင့်ဆုံခဲ့ရပါသည်။ သူတို့ကလေးအများစု တွင်တော့ (ADHD) မတွေ့ရပါ။ Conduct Disorder တစ်နည်းအားဖြင့် ‘ပြောမရ၊ ဆိုမရ’ ပြဿနာ လောက်သာတွေ့ရပါသည်။

Hyperactive Child သို့မဟုတ် ADHD ဆိုသည်က ဘာကြောင့် ဖြစ်မှန်း ယခုထိ တိတိကျကျ အဖြေရှာမရသေးပေ။ အနည်းအကျဉ်းငြိမ်အောင် Methly Phenidate(Ratilin) လို ဆေးမျိုးတွေပေးပြီး ထိန်းသိမ်းထားလို့ရသည်။ ပျောက်အောင်တော့ ကုသ၍မရ။တစ်နည်းအားဖြင့် ဆိုရလျှင် ‘ရုပ်ပိုင်းဆိုင်ရာ’ ရောဂါတစ်ခုဖြစ်သည်။ Conduct Disorder ကို‘ပြောမရ၊ဆိုမရတဲ့ကလေး’ ဟုကျွန်တော် ကဘာသာပြန်ချင်သည်။ သူ့အင်္ဂလိပ်လို အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ပါတာက ‘သူတစ်ပါးနှင့် ပတ်ဝန်းကျင်ကို အနှောင့် အယှက်ဖြစ်စေတတ်သော အမူအကျင့် စွဲနေခြင်း’ ဟုဆိုသည်။ စိတ်ပိုင်းဆိုင်ရာပေါ့။ စိတ်ပိုင်းဆိုင်ရာရောဂါဟုပင် သတ်မှတ်၍မရ၊ ပြဿနာဟုသာသတ်မှတ်ရမည်။ ဆေးဝါး များပေး၍မရ။ ပေးစရာလည်းမလိုပါ။

ဘယ်အရွယ်မှာ စတာလဲ
ကလေးကို လသားကတည်းကစ၍ လုပ်သင့်တာနှင့် မလုပ်သင့်တာ တွေကို မရိုက်ဘဲ၊မအော်ဘဲ သင်ကြား လေ့ကျင့် ပေးနည်းများ ကိုတော့ယခင်စာအုပ်မှာ ကျွန်တော် ရေးခဲ့ပြီးလေပြီ။

ဒီိ‘ပြောမရ၊ဆိုမရ’ လူကြီးဆန္ဒနှင့် ဆန့်ကျင်ဘက်လုပ်ပြသည့် ပြဿနာများ အစပျိုးသည်က သုံးနှစ်သားအရွယ်တွင်။ ပြောမရ၊ဆိုမရ ဖြစ်သည့်ကလေးများ၏ ၆ဝရာခိုင်နှုန်းသည် အသက်၈နှစ်အရွယ်တွင် ထို ပြဿနာကို အသက်၁၈အထိယူဆောင်သွားတတ်ကြသည်။

အဖြစ်များတဲ့ ပြဿနာ
ယူကေနိုင်ငံတွင် ပြုလုပ်ထားသော သုတေသနများအရ ၅နှစ်မှ ၁၀နှစ်အတွင်း ယောက်ျားလေး ၇ ရာခိုင်နှုန်း နှင့် မိန်းကလေးများ၏ ၃ ရာခိုင်နှုန်းတွင် ဒီပြဿနာ ရှိသည်။ ဆယ်ကျော်သက် အရွယ်တွင် တော့လျော့သည့် လူတွေက လျော့သွား သော်လည်း တိုးသည့်ဘက်က ပိုများလာသဖြင့် ယောက်ျားလေး ၈ရာခိုင်နှုန်း နှင့် မိန်းကလေးများ၏ ၅ ရာခိုင်နှုန်း တွင် ဒီပြဿနာ ရှိသည်။

အကယ်၍ ဒီပြဿနာသည် လူကြီးဘဝအထိ ပါသွားပါက ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများက မသေးလှပါ။ မိဘ ပစ္စည်းမှ အစပြု၍ ခိုးတတ်လာခြင်း၊ ရန်ဖြစ်ခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ယာဉ်မဆင်မခြင် မောင်းနှင်ခြင်း၊ ကျောင်းထွက်ရခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အများနှင့် သဟဇာတ မဖြစ်ခြင်း တို့အပြင် မိဘဖြစ်လာသည့်အခါတွင်လည်း သူတို့က မွေးလာသော သားသမီးများကို လုံလောက်သော သွန်သင် စောင့်ရှောက်မှု မပေးနိုင်ခြင်းတို့ကို တွေ့ရသည်။

ယူကေနိုင်ငံတွင်တော့ ထိုသို့သောကလေး မျိုးတစ်ယောက်ကိုအချိန် မီမပြုပြင်ပေးလိုက်နိုင်ပါက နစ်နာဆုံးရှုံး မှုများကို ငွေကြေးနှင့် တွက်ချက်ပါက တစ်နှစ်လျှင် စတာလင် ပေါင် ၁၅၂၇၀(ဒေါ်လာ သုံးသောင်း) ခန့်ရှိမည်ဟု သုတေသနများကဆိုသည်။

ဘာကြောင့် ပြောမရ၊ဆိုမရ ဖြစ်ရသလဲ
ဒီပြဿနာကို အကြမ်းအားဖြင့် စိတ်ပညာရှင်တို့ နှစ်ပိုင်းပိုင်း လေ့ရှိသည်။ ၁၀နှစ်သားအရွယ်ထက်စော၍ သတိမထားမိသော ပြဿနာနှင့် ထိုထက်နောက်ကျသောပြဿနာ ဟူ၍ ဖြစ်သည်။၁၀နှစ်သားထက်နောက်ကျ၍ ဖြစ်သော ပြဿနာ ကအဓိကအားဖြင့် ပတ်ဝန်းကျင်ပေါ်မှာ မူတည်သည်။၁၀နှစ်အောက်တွင်စဖြစ်သော ပြဿနာ ကတော့ မမွေးခင်၊ မွေးကင်းစ ကြုံတွေ့ခဲ့ရသော ဒဏ်ရာ ဒဏ်ချက်များနှင့် ငယ်ရွယ်စဉ်မှာ မိဘတို့၏ စနစ်တကျ လေ့ကျင့်သင်ကြား ပေးနိုင်စွမ်းပေါ် အဓိကတည်နေသည်။

မမွေးခင်ဆိုသော စကားလုံးက အတော်အံ့အားသင့်စရာဖြစ်ကောင်းဖြစ်နေမည်။ အမှန်ပါပဲ။မမွေးခင်ကတည်းက မိခင်ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့သည် ပြောမရ၊ဆိုမရ ကလေးတွေဖြစ်လာဖို့ နီးစပ်စေကြောင်း သုတေသနများက ဆိုထားသည်။

မွေးကင်းစ တွင်ကြုံတွေ့ခဲ့ရသော ကျန်းမာရေး ပြဿနာများ၊ အသက်လေးငယ်ငယ်၊ ဦးနှောက်လေး အင်နှင့် အားနှင့်ဖွံဖြိုးနေသည့် အရွယ်နာတာရှည် ရောဂါများဖြစ်၍ နာလန် ပြန်မထူနိုင်ပါက ဥာဏ်ရည်နှင့် ဆင်ခြင်တုံ တရားကို ထိခိုက်တတ်ကြောင်းကတော့ အရင်စာအုပ် ထဲတွင်လည်း ကျွန်တော်ရေးခဲ့ဖူးသည်။

ယခုတော့ သုတေသနများက ကိန်းဂဏန်းတွေနှင့် သက်သေပြလာကြသည်။ နာတာရှည် ရောဂါ တစ်ခု ငယ်စဉ်မှာ ဖြစ်ခဲ့ပြီး နာလန်မထူလျှင် ထို ပြောမရ၊ဆိုမရ ကလေးတွေဖြစ်လာဖို့ သုံးဆပိုများသည်ဟုဆို၏။

မျိုးရိုးဗီဇ၊ အာရုံကြော အနည်းငယ် ထိခိုက်ထားခြင်း အစရှိသော ပြုပြင်မရသည့် အချက်များသည် ‘ပြောမရ၊ ဆိုမရတဲ့ကလေးများ’ ဖြစ်လာရာ တွင်အရေးပါသင့်သလောက် ပါသော်လည်း မိဘ၏သွန်သင် ဆုံးမမှုနှင့် ပတ်ဝန်းကျင် ရေခံ၊ မြေခံကောင်းမှုတို့က ထိုအားနည်းချက်ကလေးများကို ဖုံးလွှမ်းပစ်နိုင်ကြောင်းကိုလည်း အထောက်အထားများ တွေ့လာ ကြရသည်။

ဆိုလိုသည်ကတော့‘ပြောမရ၊ဆိုမရတဲ့ကလေးများ’ ဖြစ်လာကြရခြင်း၏ အကြောင်းရင်းများ ထဲတွင် ထိပ်ဆုံးက ပါနေသည့် အချက်များမှာ-

- မိဘ၏ကြင်နာစွာ ယုယပျိုးထောင်မှု အားနည်းခြင်း။
- မိဘက ကလေးကို ကိုယ် သို့မဟုတ် စိတ်နာကျင်ထိခိုက်အောင် လုပ်တတ်ခြင်း။
- လူမှုရေး၊စီးပွားရေး နိမ့်ကျခြင်း။
- မိဘကျန်းမာရေး ပြဿနာ ရှိခြင်း။
- ကလေးကို သွန်သင်ဆုံးမမှု အားနည်းခြင်း သို့မဟုတ် တစ်ဖက် စောင်းနင်း ပြင်းထန်စွာ ဆုံးမတတ်ခြင်း။
- ကလေးငယ်၏ အရေးကိစ္စများတွင် မိဘစိတ်ဝင်စားစွာပါဝင်မှု အားနည်းခြင်းနှင့်
- မိဘနှင့် ကလေးချစ်ခင်တွယ်တာမှု အားနည်းခြင်း တို့ဖြစ်ကြောင်း တွေ့ရလေသည်။

အခုဘာဆက်လုပ်ရမှာလဲ ကာကွယ်တာအကောင်းဆုံးပါ။

ယခင်စာအုပ်တွင်လည်း အသက်အလိုက် ကလေးပြုစုပျိုးထောင် နည်းများကို ကျွန်တော်ရေးခဲ့ရာတွင် ကလေးကို ဘယ်လိုဆုံးမပဲ့ပြင်မည်ဆိုတာလေးတွေကို အနည်းအကျဉ်းစီ ကျွန်တော်ရေးခဲ့ပါသည်။

ဒီဆောင်းပါးကတော့ အသက်တစ်နှစ်နောက်ပိုင်း ကျောင်းမနေ သေးခင်အရွယ်ကလေးငယ်များကိုပြုစုပျိုးထောင် နည်းကိုအသေးစိတ်ချဲ့ရေးမှာပါ။ ဒါကို ပထမဦးဆုံး အဖွင့်ဆောင်းပါးမှာ ပြောမရ၊ ဆိုမရကလေး များဘာကြောင့် ဖြစ်ရသည်ဆိုသည်နှင့် စဖွင့်ထားပြီး ဘာဆက်လုပ်ရမည်ကို ရေးမသွားတာက အကြောင်းရှိပါသည်။

ရှေ့လျှောက်ရေးမည့် အထဲတွင် တောက်လျှောက် ပါတော့မှာမို့ပါ။ တစ်လနှင့်ဖြတ်၍ မရပါ။ ပြောမရ၊ ဆိုမရကလေးတွေ ဖြစ်မလာဖို့က မိဘတွေ၏ အလိုချင်ဆုံးဆန္ဒ။ထို ပြဿနာအတွက် အစောဆုံးမိအောင် ကိုင်တွယ်ရမည့် အရွယ်က အသက်တစ်နှစ်ခန့် အရွယ်မှ အသက်သုံးနှစ်ခန့် အရွယ်အတွင်းဖြစ်သည်။ ဒါကြောင့် ဒီအရွယ်ကလေး တွေအတွက် ဆောင်းပါး ကိုကျွန်တော် ဒီ ပြဿနာနှင့် ဖွင့်ပါသည်။

ရင်သွေးတို့ ကျန်းမာ ရွှင်လန်း၍ လိမ္မာယဉ်ကျေးကြပါစေ။
ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်)

Credit To : perfectmagazine

ဆက်ဖတ်ရန်...

အဖု၊ အကျိတ်၊ အထုံးလေးများ ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

ဒါစိုးရိမ်စရာလား အဖု၊ အကျိတ်၊ အထုံးလေးများ
“ဆရာ့စာထဲမှာတော့ စိုးရိမ်စရာ မဟုတ်ဘူးလို့ ရေးထားတာ ဖတ်ရပါတယ်ဆရာ။ ဒါပေမဲ့ အဘွားက ဆရာကိုယ်တိုင် ကြည့်ပြီး ဆုံးဖြတ်မှ စိတ်အေးမယ်လို့ ပြောနေလို့ပါ”

ဒါတွေလည်း မကြာခဏ တွေ့ဖူးသည်။ ယခုတော့ ဘာမှ မတတ်နိုင်။ ဆရာလည်း အဝေးရောက်နေပြီ။ ဆရာရောက်နေတဲ့ အရပ်မှာက `စိုးရိမ်တတ်သူ` တွေ သိပ်မရှိ။`မြန်မာဆေး` ကလေးအား ခွံခွံနေရာက မသက်သာမှ ခေါ်လာကြတော့ အသည်းအသန် ဖြစ်မှ ကြည့်ရတာများသည်။`ဂေါ်မုတ္တ` ခွံကြည့်တာ မသက်သာလို့ ဆရာဆီ ခေါ်လာတာဆိုတဲ့ လူနာလည်း တွေ့ဖူးသည်။ ခက်တာက `ဂေါ်မုတ္တ` ဘာဆိုတာ ကျွန်တော်ကမသိ။ ခါတိုင်းတော့ `အထွေထွေကုဆရာဝန်နဲ့ ပြနေတာ မသက်သာလို့` ဆိုတာတွေကြားဖူးတော့ `အထူးကုဆရာဝန်` ဆိုတာက အထွေထွေကု ဆရာဝန်ပြီးလျှင် ဒုတိယရွေးချယ်မှု ဖြစ်လာတာ ဂုဏ်ယူစရာ။ ကိုယ့်ကိုယ်ကိုယ်ပင် နာမည်လှလှလေး ပေးထားသည်။ `ဂေါ်မုတ္တ၏ ဒုတိယလူ`ဟု။

စိုးရိမ်စရာ မဟုတ်တာကို စိုးရိမ်တတ်သူတွေအတွက်တော့ ဤဆောင်းပါးရှည်ကြီးကို ဆက်ရဦးမည်။ တကယ်တမ်းကျတော့ အများဆုံး တွေ့ရတတ်သည့် စိုးရိမ်တတ်မှုက လည်ပင်း၊ နောက်စေ့၊ နားရွက် နောက်တို့တွင် အကျိတ်အဖုလေးများ စမ်းသပ်မိခြင်း ဖြစ်သည်။ ဒါက မရေးဖြစ်သေး။

၁။ လည်ပင်း၊ နောက်စေ့၊ နားရွက်နောက်တို့မှ မနာသော အကျိတ်အဖုလေးများ
ကလေးတီဘီရောဂါဖြစ်လျှင် လည်ပင်းမှာ အကျိတ်လေးများစမ်းမိတတ်သည်ဟု အများသိထားကြသည်။ မှန်လည်း မှန်ပါသည်။ သို့သော် လည်ပင်းမှာ အကျိတ်လေးများ စမ်းမိလျှင် တီဘီရောဂါရှိသည်ဟုတော့ ပုံသေနည်း ဆွဲ၍မရပါ။ အကျိတ်ဆိုတာ Lymph node ဖြစ်ပါသည်။ ခန္ဓာ ကိုယ် တစ်နေရာရာတွင် အကြောင်းတစ်ခုခုကြောင့် ရောင်ရမ်းမှုများ ရှိခဲ့ပါက ရောင်ရမ်းနေသည့် နေရာမှ `ပြန်ရည်` (Lymph) များကို ရေပုပ်စုပ်ထုတ်စက်သဖွယ် လာရောက်စုပ်ယူ သန့်ရှင်းပေးကြသည့် သန့်ရှင်းရေး လုပ်သားများဖြစ်ကြပါသည်။ အပြင်က သန့်ရှင်းရေးလုပ်သားများနှင့် မတူသည့် အချက်ကတော့ သူတို့က အလုပ်ပြီးလျှင် ပြန်မသွားတတ်ကြပါ။ နောက်ထပ် အလုပ်များ ထပ်ပေါ်မလားဟု ထိုင်စောင့်တတ်ကြပါသည်။ အလုပ်သေးသေး ပေါ်လည်း ထပ်လုပ်သည်။ အလုပ်ကြီးကြီးပေါ်လည်း ထပ်လုပ်သည်။ တစ်ခါ အလုပ်ပေါ်တိုင်း ပေါ်တိုင်း အရွယ်အစား နည်းနည်းကြီးလာကြသည်။ (အရည်စုပ်နေကြသည်ကိုး) ဘာအလုပ်မှ မရှိတော့သည်မှာ နှစ်နှင့်ချီ ကြာပြီး ကာမှ အနားယူသွားကြသည်။(ပြန်သေးသွားကြသည်)။ ထို့ကြောင့် အကျိတ်များ ကြီးနေတိုင်း ရောဂါဖြစ်နေဆဲတန်းလန်းဟု ယူဆ၍ မရ။ ရောဂါ ပျောက်ပြီးသားလည်း ဖြစ်နိုင်သည်။ အကျိတ်က ရောဂါမဟုတ်။ ရောဂါကို ကုသည့်စနစ်ဖြစ်သည်။

လည်ပင်း၊ နောက်စေ့၊ နားရွက်နောက်တို့တွင်ပေါ်သော အကျိတ်များက ဖြစ်နိုင်သည့်အကြောင်းရင်း များစွာရှိသည်။ ဦးခေါင်းနှင့် လည်ပင်းတွင်မိတ်ပေါက်တာကအစ ပြည်တည်အနာလေးများဖြစ်တာ၊ အာသီးရောင်တာ၊ လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေပေါက်တာ ကလေးများတွင် တစ်ခုမဟုတ်တစ်ခု အမြဲ ဖြစ်နေတတ်သော အကြောင်းရင်းများစွာ ရှိသည်။ ဒါတွေကြောင့်ပေါ်လျှင် အကျိတ်က ရက်ပိုင်းခန့်သာ ရောင်ပေမဲ့ ပြန်သေးသွားဖို့ကတော့ လအနည်းငယ်စောင့်ရမည်။ သည်အချိန်မှာ ကိုင်ကြည့်လျှင် နာမနာပေမဲ့ စမ်းလို့တော့ ရနိုင်သည်။ ဒီလိုကိစ္စလေးမျိုး တစ်ခုဖြစ်ပြီးလို့ အကျိတ်က ပြန်မသေးခင်မှာ နောက်တစ်ခုက ပေါ်လာပြန်သဖြင့် အကျိတ်က နှစ်နှင့်ချီ၍ စမ်းလို့ရနေတာမျိုးလည်း ရှိတတ်သည်။ ဖော်ပြခဲ့သလိုပင် အကျိတ်ကြီးနိုင်သည့် အကြောင်းရင်းတို့ကလည်း များပေတာကိုး။ သည်မှာ မိဘတွေက တီဘီဖြစ်ပြီဟု စိတ်ပူကြခြင်းဖြစ်ပေသည်။

တီဘီကျိတ်ကတော့ လည်ပင်းအောက်ဘက်ပိုင်း ညှပ်ရိုးအပေါ် နားတစ်ဝိုက်မှာ တွေ့ရတာများသည်။ များသော အားဖြင့် အထက်က ဖော်ပြခဲ့သောသာမန်အကျိတ်များဖြင့် ခွဲရခက်သည်။ အပြွတ်လိုက် အပြွတ်လိုက်ဖြစ်နေပြီး တစ်ခုနှင့်တစ်ခု ခွာမရအောင် ကပ်နေလျှင်တော့ တီဘီကျိတ်ဖြစ်ဖို့များသော်လည်း ရိုးရိုးအကျိတ်လေးများလို တစ်လုံးစ နှစ်လုံးစလည်း ဖြစ်နိုင်သည်။ နားရွက်နောက်၊ နောက်စေ့တို့မှ အကျိတ်များကတော့ တီဘီနှင့် သိပ်မဆိုင်။

ကလေးက တီဘီ၏ အခြားလက္ခဏာများဖြစ်သော တငွေ့ငွေ့ဖျားနေခြင်း၊ ခေါင်းချွေးများ ပြန်ပြန်နေခြင်း၊ ညနေပိုင်း အဖျားတက်ခြင်းတို့ ရက်ရှည်ဖြစ်နေပြီး အနီးအနားတွင်လည်း တီဘီရောဂါ မသင်္ကာဖွယ်ရာ လူကြီးတစ်ဦးဦး ရှိနေလျှင်တော့ ဒီအကျိတ်တွေက အရးကြီးနိုင်သည်။ ကလေးက သလိပ်လည်း စစ်လို့မရ၊ သွေးအဖြေကလည်း အမြဲမှန်နိုင်တော့ ကလေးအထူးကုဆရာဝန်များက ဓာတ်မှန်ရိုက်ကြည့်တတ်သည်။ ဒါတွေအားလုံး ပေါင်းစပ် တွက်ချက်ပြီး တီဘီဆေး တိုက်သည့်အခါလည်း ရှိမည်။ မတိုက်သည့်အခါလည်း ရှိမည်။

စိုးရိမ်သည့် ပြဿနာက သည်မှာ ရပ်တံ့မသွား။ တီဘီဆေး ၆ လ တိုက်နေတုန်းပဲဖြစ်ဖြစ်၊ ဖြစ်ပြီး ၆ လ၊ တစ်နှစ် ကြာသည်အထိပဲဖြစ်ဖြစ် လက်နှင့် ကိုင်ကြည့်၍ အကျိတ်များ ရှိနေသောလျှင် မိဘတို့ စိတ်မချမ်းသာ ဖြစ်ကြသည်။

“ဆရာ အကျိတ်တွေက ရှိနေတုန်းပဲ”

ခက်ပြီ။ အစမတည်းက အကျိတ်ပျောက်အောင် ဆေးတိုက်တာမှ မဟုတ်ဘဲ။ ပိုးသေအောင် ဆေးတိုက်နေတာ ဖြစ်သည်။အကျိတ်က ကိုယ့်ဘက်ကလူ။ ရောဂါကို ကူတိုက်ပေးနေသည့် မိတ်ဆွေမဟုတ်လား။ ဘာဖြစ်လို့ ပျောက်ချင်ရပါမည်လဲ။ အကျိတ်ရှိတုန်းက တီဘီကိုရှာခဲ့သည်က အကျိတ်ရှိသာကို မကြိုက်၍မှ မဟုတ်တာ။ ရောဂါ၏ ခြေရာဟု သတ်မှတ်၍ ရှာခဲ့သည်။ သားကောင်ကို တွေ့၍ သတ်နေချိန်၊ သတ်ပြီးချိန်မှာတော့ ခြေရာ မပျယ်သေးတာ ဘာအရးကြီးလို့လဲ။

ရှေ့ပိုင်းက ကျွန်တော်ရေးခဲ့သလိုပင် အကျိတ်တို့က အလုပ်ပြီးလျှင် ပြန်မသွားတတ်ကြပါ။ နောက်ထပ်အလုပ်များ ထပ်ပေါ်မလားဟု ထိုင့်စောင့်တတ်ကြပါသည်။ နောက်ဆက်တွဲ အလုပ်သေးသေးလေးတချို့ ပေါ်နေလျှင် နှစ်နှင့်ချီ၍ပင် နေတတ်ကြပါသည်။ အကျိတ်တွေ ဆက်စမ်းမိနေတိုင်း တီဘီရောဂါ မပျောက်သေးဟု မသတ်မှတ်နိုင်ပါ။
ဒီ့ထက်ဆိုးတဲ့၊ စိတ်ပူတတ်တဲ့ မိဘတွေ ရှိသေးသည်။ ဓာတ်မှန် စသည်ဖြင့် စစ်ဆေးကြည့်ပြီး ကလေးမှာ ဘာရောဂါမှ မရှိဟု ဆရာဝန်က မှတ်ချက်ချလျှင် ဝမ်းသာမသွားကြ။ ဆရာဝန်ရှင်းပြနေစဉ်မှာပင် လက်က ကလေးလည်ပင်းလေး တစမ်းစမ်းနှင့်။ `အကျိတ်တွေကတော့ ရှိနေတာပဲ ဆရာရဲ့` သူ့ကလေးမှာ ရောဂါမရှိတာတော့ လက်မခံနိုင်။ ဒီဆရာဝန် သေသေချာချာ မစမ်းဘူးထင်တယ်ဆိုသော အိုက်တင်နှင့်။
`အကျိတ်က ရောဂါမဟုတ်ဘူးအမေ။ အကျိတ်ဆိုတာ ရောဂါကိုတိုက်တဲ့ ဓာတ်တစ်မျိုးပဲ`
`ဘာရောဂါလဲ ဆရာ`
`အသေးအဖွဲကအစ အစုံရှိတာပေါ့။ မိတ် ခဏ ခဏပေါက်ရင်တောင် အကျိတ်ဆိုတာ ရှိနေတတ်တာမျိုး`
`ကျွန်မကလေးက မိတ်မှ မပေါက်ဘဲ`

ဇာတ်လမ်းက ရှေ့ဆုံးသို့ ပြန်လည်သွားပြန်သည်။ ရှင်း၍ပင် မဆုံးတော့။ ထိုရှင်းပြရလွန်းတာတွေကို သတိရ၍ပင် ဒီဆောင်းပါးကို ရေးဖြစ်ခြင်းဖြစ်သည်။ အကျိတ်ပျောက်ချင်တဲ့ မိဘများ နားလည်နိုင်ကြပါစေ။

၂။ သွေးကြောအထုံးလေးများ Strawberry Naevus (Capillary Haemangiome)
ကလေးငယ်များတွင် အရေပြားပေါ်၌ ကျယ်နေသော သွေးကြောမျှင်များ ထုံးဖွဲ့၍ အနီပြင် ဖြစ်နေနိုင်ခြင်း သုံးမျိုးရှိသည်။ ဒီသုံးမျိုးထဲမှာမှ အဖြစ်အများဆုံးက စတော်ဘယ်ရီသီး၏ မျက်နှာပြင်နှယ် အနီရင့်တချို့ နုတချို့နှင့် မညီမညာ ဗြုတ်ထနေသော သွေးကြောအထုံးလေးများက အဖြစ်အများဆုံးဖြစ်သည်။ မွေးမွေးချင်းတော့ သိပ်မသိသာ။ မွေးပြီးနောက် အသက်နှစ်လ လောက်ကျမှ ရိပ်တိပ်တိပ် စပေါ်လာတတ်သည်။ နောက်တော့ တဖြည်းဖြည်းကြီးလာမည်။ အသက် ၆ လခန့်တွင်တော့ အကြီးဆုံး အရွယ်အစားရောက်တတ်သည်။ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို တွေ့တတ်သည်။ မျက်နှာပေါ်တွင်ရှိနေလျှင်တော့ မိဘများ စိုးရိမ်တတ်ကြသည်။ အထူးသဖြင့် မိန်းကလေးဆိုလျှင်ပေါ့။ ကြီးလာလျှင် မလှမှာကို စိတ်ပူတတ်ကြသည်။

ဒီအဖုအကျိတ် အထုံးများက ခွဲစိတ်ထုတ်ပစ်၍လည်း ရသည်။ အကျိတ်ထဲက သွေးကြောများ ကျုံ့၍ ပိတ်သွားအောင် အကျိတ်ထဲကို sclerosing agent ခေါ် `ရှုံ့ဆေး` များ ထိုးတည့်၍လည်း ရသည်။ ခွဲစိတ်ဆရာဝန်များ ကျွမ်းကျင်စွာ လုပ်ပေးနေကျကိစ္စများ ဖြစ်သည်။ ဘာမှမလုပ်ဘဲ ထားတော့ရော။ ဘာမှမလုပ်ဘဲထားလျှင်လည်း သည် ` အထုံး`၏ သဘာဝက အသက်တစ်နှင် နောက်ပိုင်းက စပြီး တဖြည်းဖြည်း ပြန်ကျုံ့ဝင်သွားမည်။ နောက်အကျဆုံး အသက်ကိုးနှစ်ပေါ့။ အားလုံး ပျောက်သွားမည်။ ပျောက်သွားပြီးလျှင်လည်း အနာရွတ်ထင်ကျန်တာ မရှိ။ ပြန်ဖြစ်တာ မရှိ။ ဒါဆိုလျှင် ကုသမှုဘယ်တော့မှ မလိုတော့ဘူးလားဟု မေးစရာရှိသည်။ ပျောက်ရုံသက်သက်အတွက်တော့ မလိုပါ။ ရှိနေတုန်း ဒုက္ခပေးပေးနေရင်တော့ ရှင်းပစ်လိုက်တာ အကောင်းဆုံးပါဟု ဖြေရမည်သာ။

ရှိနေတုန်း ဒုက္ခပေးတတ်သည့် အထုံးများမှ
(က) မကြာခဏခိုက်မိ၊ သွေးထွက်၊ ပြည်တည်၊ အနာရင်း ဖြစ်နေသော သွေးကြောအထုံးများ။
(ခ) မျက်ခွံပေါ်တွင်ရှိသော သွေးကြောအထုံး။ (မခွဲစိတ်၊ မဖယ်ထုတ်ဘဲ ထားပါက မြင်ကွင်းကို ပိတ်ဆို့နေသည်မှာ ကြာသွားလျှင် မြင်လွှာ အားနည်းသွားတတ်သည်)
(ဂ) ခြေဖဝါးအောက်တွင်ရှိတွင်ရှိနေသော သွေးကြောအထုံး။ (လမ်းလျှောက် လေ့ကျင့်ရမည့် အရွယ်တွင် လမ်းမလျှောက်နိုင်ရာမှာ ကလေးဖွံဖြိုးတိုးတက်မှု နောက်ကျသွားတတ်သည်။)
(ဃ) ပေါင်ရင်းတွင်ရှိသော ကြီးမားသည့် သွေးကြောအထုံး။ (သွေးလည် ပတ်မှုကို သူရှိရာဘက်ခြမ်းသို့ ဘက်လိုက်ဆွဲခေါ်သွားတတ်သဖြင့် ခြေထောက်နှစ်ချောင်း ဖွံ့ဖြိုးကြီးထွားရာတွင် အထုံးရှိသော ဘက်ခြမ်းက မညီမညာပို၍ ရှည်ထွက်လာတတ်သည်) စသည်တို့ဖြစ်သည်။
ဘယ်သွေးကြောအထုံးက ခွဲစိတ်ရန်၊ ဆေးထိုးရန်လိုအပ်သည်။ ဘယ်သွေးကြောအထုံးက ဘာမှလုပ်စရာမလို ဆိုသည်ကို ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မည်။ များသောအားဖြင့်တော့ ဘာမှ လုပ်စရာမလိုတတ်ကြပါ။

(၃) အလယ်ကောင်တွင် အချိုင့်သေးသေးလေး ပါသော အသီးလေးများ (Monllnscum Contagiosum)
အရွယ်အစားကတော့ ပင်အပ်ခေါင်းလောက်ကနေ မီးခြစ်ဆံခေါင်းလောက် အရွယ်အစား အတွင်းရှိမည်။ အတွဲလိုက် အပြွတ်ပြွတ်လည်းနေတတ်သည်။ သီးခြား ဟိုတစ်စက်၊ ဒီတစ်စက်လည်း ရှိတတ်သည်။ နီလည်း မနီ၊ နာလည်း မနာ။ ပွားတော့ ပွားလာတတ်သည်။ ကပ်ကြည့်လျှင်တော့ အလယ်ကောင်မှာ ချိုင့်ချိုင့်လေးတွေ့မည်။ Pox virus ခေါ် ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ခြင်းဖြစ်သည်။ ဒီဗိုင်းရပ်စ်၏ သဘောက သူ့ကိုသေအောင်သတ်လို့မရ။ သူကတော့ သူ့သက်တမ်းစေ့လျှင် သေသွားသည်။ ပွားနေတာကို ကြည့်တုန်းက စိတ်ပူစရာဟု ထင်ရသော်လည်း ဗိုင်းရပ်စ်သက်တမ်းစေ့၍ သေသွားတော့ အပွားရပ်သည်။ ပြီးတော့ ကြွေကုန်သည်။ အမာရွတ်လည်း မထင်။ အစအဆုံးကတော့ ၆ လမှ တစ်နှစ်ခန့်ကြာတတ်သည်။

အမှုမဲ့အမှတ်မဲ့ ထားမိသည့်မိဘများလည်း ရှိသလို ကိုယ့်ကလေး မလှမှာစိုး၍ ဆေးမြီးတိုမျိုးစုံ စမ်းကြည့်ကြသည့် မိဘများလည်း ရှိသည်။ ဆေးမြီးတိုက အခန့်မသင့်၍ အရေပြားကို လောင်သွားလျှင် အမာရွတ် ထင်တတ်သည်။ ဒီအစေ့လေးတွေ ဒီအတိုင်းထားလို့ ကြေသွားလျှင် အနာရွတ်မထင်။ ဒီတော့ ထိုင်စောင့်တာ အကောင်းဆုံး။ ၆ လကြာကြာ၊ တစ်နှစ်ကြာကြာပေါ့။ ချက်ချင်းပျောက်ချင်လျှင်တော့ ခွဲစိတ်ဆရာဝန်က ခွဲစိတ်ခန်းထဲတွင် လျှပ်စစ်အပ်ဖြင့် တစ်လုံးချင်း ရှို့ပေး၍ ရသည်။ လူကြီးလိုတော့ ငြိမ်ငြိမ်ခံမှာမဟုတ်။ ကလေးရုန်းမည်စိုး၍ မေ့ဆေးက ပေးရမည်။ သူ့ဟာသူနေလည်း ပျောက်မည့်အရာကို ချက်ချင်းလှချင်တာတစ်ခုတည်းနှင့် ထိုသို့လုပ်ရမှာ ကျွန်တော်ကတော့ တန်သည်ဟု မထင်။ ကြွက်နို့နှင့်ပင်ယှဉ်၍ စဉ်းစားကြည့်ကြပါစို့။ ကြွက်နို့လည်း ဒီဗိုင်းရပ်စ်ကြောင့်ပဲ ဖြစ်တာပင်။ ကြွက်နို့ကျတော့ အပြွတ်လိုက်ဖြစ်ပြီး အရွယ်အစားကြီးတော့ လူသိပိုများသည်။ ကြွက်နို့လည်း သုံးလိုက်ကြသည့် ဆေးမြီးတိုတွေကို စုံလို့။ ပလက်စတာကပ်ရတာက တစ်မျိုး၊ လိမ်းရတာ ကတစ်မျိုး။ လမ်းဘေးတွင် မသန့်မပြန့်တွေ၊ ဓားတွေနှင့် `သမ`မည့် ပုဂ္ဂိုလ်ထံ ကိုယ့်လက်ကိုယ့်ခြေ သွားအပ်သည်အထိ အသိညဏ်ထုံထိုင်းသူတို့လည်း ရှိသည်။ ဘယ်တုန်းကများ ပျောက်ဖူးပါသလဲ။

အချိန်တန်လျှင် ပြန်ထွက်လာသည်သာ။ သို့သော် တစ်သက်လုံး ကြွက်နို့နှင့် နေရသူ ဘယ်သူရှိလို့လဲ။ နောက်တော့လည်း ဗိုင်းရပ်စ် သက်တမ်းစေ့တော့ ပျောက်သွားသည်သာ။ သည်အချိန်မှာ `ကြွက်နို့ မန်းတတ်တဲ့သူ `နှင့် တွေလိုက်လို့ ကတော့ ထို `မန်းဆရာ` အခြောက်တိုက် နာမည်ကြီးပြီးသာမှတ်။

Molluscum Contagiosum လေးတွေကလည်း ဒီဗိုင်းရပ်စ်ကြောင့် ပင်ဖြစ်သည့် ဒီအုပ်စုဝင် ပြဿနာသာ ဖြစ်ပါသည်။ ဘာမှ လုပ်ရန် မလိုပါ။ ရင်သွေးတို့ အဖု၊ အကျိတ်၊ အထုံး၊ ပြဿနာနည်းကြပါစေ။

ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်)

Credit To : perfectmagazine

ဆက်ဖတ်ရန်...

ကလေးထွားခြင်း ၊ မထွားခြင်း ။  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

ဒါစိုးရိမ်စရာလား အစာစားခြင်း မစားခြင်း၊
ကလေး အစာကောင်းကောင်းမစားလို့၊ ကလေး အစာစားအောင် ဘာလုပ်ရမလဲ စသဖြင့် မိဘများ စိုးရိမ်ပူပန်စွာ ပြောတတ်ကြသည်။ ကလေး အစားကောင်းကောင်းမစားခြင်းမှာ မိဘတိုင်း အစိုးရိမ်တတ်ဆုံးပြဿနာ ဖြစ်နေသည့်အတွက် ဒါစိုးရိမ်စရာမဟုတ်ကြောင်း ပြောပြရန် လိုလာပါသည်။

အစာစားရမည့်အရွယ်မဟုတ်သည့်ကလေး
အသက် ၆ လအောက် ကလေးကတော့ မိခင်နို့တစ်မျိုးတည်သာ တိုက်ကျွေးရမည်။ ရေတောင် တိုက်စရာမလို။ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်ဖြစ်ဘဲ တိုက်နေသည့် ကလေးပင်လျှင် အသက် ၆ လအောက်တွင်တော့ နို့တစ်မျိုးတည်းသာ တိုက်ရမည်။ အစာစောစောကျွေးလေ ဝမ်းပျက်ဝမ်းလျှော စောစောဖြစ်ပြီး ကလေးပိန်သွားဖို့ များလေလေဖြစ်သည်။ ထိုကဲ့သို့သော ၆ လအောက်ကလေးများကို ကလေးက အစာကောင်းကောင်းမစားလို့ဟု လာပြောသောကလေးများ၏ မိဘတွေကိုတော့ အားပေးရမှာလား၊ ဆူရမှာလား မသေချာပါ။

နို့ပဲမက်နေသည်တဲ့လား
နို့စို့ အရွယ်ကလေး အစာကောင်းကောင်း မစားလို့ နို့ဖြတ်ချင်သည့် မိခင်များနှင့် ထိုမိခင်များကို `နို့ဖြတ်လိုက်ပါလား` ဟု ဝိုင်းအကြံပေးကြသော ဆွေမျိုး မိတ်သင်္ဂဟများသည် `ကလေး`နှင့် `ကလေးအထူးကုဆရာဝန်`များ၏ ရန်သူဖြစ်ပါသည်။ ကလေးခန္ဓာကိုယ် ကြီးထွားစေရန် ပရိုတိန်းဓာတ်များ (Essential amino acid) က အဓိက အကျဆုံး။ အကြောင်းရင်းမှာ ထို မရှိမဖြစ် ပရိုတိန်းဓာတ်များကို ခန္ဓာကိုယ်က ထုတ်လုပ်နိုင်စွမ်းမရှိ။ အာဟာရကသာ ရနိုင်မည်။ အာဟာရအများစုတွင်လည်း ထိုပရိုတိန်းဓာတ်များ စုံအောင် ပါလေ့မရှိ။ အာဟာရအမျိုးမျိုး တွဲဖက် လိုက်မှသာ စုံသွားလေ့ရှိသည်။ `ပထမတန်းစာ ပရိုတိန်း` (First class protein)' ဆိုတာတော့ ရှိသည်။ ရှိသမျှသော `မရှိမဖြစ် ပရိုတိန်းဓါတ်များ` အားလုံးပါဝင်သည့် အာဟာရကို ဆိုလိုသည်။ နှစ်မျိုးသာရှိပါသည်။ `နို့၊``ကြက်ဥ` ပါ။ ဒီအထဲမှာမှ လူနို့က ကလေးနှင့် အသင့်လျော်ဆုံး၊ အာဟာရ အပြည့်ဝဆုံး ဖြစ်သည်။ ဟိုနည်းနည်း ဒီနည်းနည်း တွဲဖက်ပါမှ အာဟာရတန်ဖိုး ပြည့်စုံမည့် ဖြည့်စွက်စာကို ကောင်းကောင်းမစား၍ ဟုဆိုကာ `နို့`ကို သွားဖြတ်ခြင်းသည် မည်မျှ မိုက်မဲရာကျမည် ကို တွေးကြည့် နိုင်သည်။

ဒါဆို ဘယ်အရွယ်မှ နို့ဖြတ်ရမှာတဲ့လဲ။
ကျွန်တော့် ဆေးခန်းတွင် နို့စို့ကလေး အရွယ်တိုင်း၏ စာအုပ်တွင် ထုပေးနေကျ တံဆိပ်တုံး သုံးခရှိပါသည်။
`အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါ`
`နို့တိုက်မိခင် အသီးအရွက်၊ အသား၊ ငါး စုံအောင်စားပါ။ မိခင် အစားရှောင်ပါက ကလေးအသက် အန္တရာယ်ရှိသည်`နှင့်
`ဘာအကြောင်းကြောင့်မှ နို့မဖြတ်ရ။ ဘယ်တော့မှ နို့မဖြတ်ရ` ဟူ ၍ဖြစ်ပါသည်။
`အနည်းဆုံး အသက် ၂ နှစ် အထိ နို့တိုက်ပါ` ဆိုသော ညွှန်ကြားချက်သည် အသက်၂ နှစ်တွင် နို့ဖြတ်လိုက်ပါဟု မဆိုလိုပါ။ ကလေးက စို့နေလျှင်၊ မိခင်က နို့ထွက်နေလျှင် ဆက်တိုက်ရပါမည်။ နောက်ကိုယ်ဝန် ရှိလာလျှင်ပင် မိခင်နို့က အထွက်နည်းသွားမည် ဖြစ်သော်လည်း ထွက်နေသေးသမျှတော့ ဆက်တိုက်နိုင်ပါသည်။ တကယ်တော့ နို့သည် ဖြတ်ရန်မဟုတ်ပါ။ ကလေးက သူ့သဘောနှင့် သူ မစို့တော့ဘဲ ပြတ်သွားရမှာဖြစ်ပါသည်။ အစားကောင်း ကောင်းမစား၍ နို့ဖြတ်ရန်မဟုတ်ပါ။ အစားကောင်းကောင်း စားတတ်သွား၍ သူ့သဘောနှင့်သူ မစို့တော့သည့် အချိန်ကို စောင့်ရမှာ ဖြစ်ပါသည်။ ဒါကလည်း အလွန်ဆုံး လေးနှစ်ပေါ့။ ဒီထက်ကျော်၍တော့ မိခင်နို့က ထွက်လေ့မရှိပါ။
နို့ဘူးစို့သော ကလေးများကတော့ အသက်တစ်နှစ်ကျော်လျှင် `ဘူး`ကို ဖြတ်ရမည်။ `နို့`ကို ဖြတ်ရမှာမဟုတ်။ ဖန်ခွက်နှင့်ထည့်၍ တိုက်နိုင်သည်။ ဘူးကိုစွဲနေပါက အာခေါင်ခွက်၍ သွားခေါတတ်ပါသည်။

ဘယ်လောက်စားစေချင်တာလဲ
အသက် ၆ လလောက် နို့သာစို့နေသောအရွယ် ကလေး၏ မိဘများ မကြာခဏပြောသည့် စကားက `ကလေးက နို့အကြာကြီးမစို့ဘူး`ဟု ဖြစ်ကောင်းဖြစ်မည်။ မိခင်ကိုယ်ထဲမှ ကလေးပါးစပ်ထဲသို့ တစ်မိနစ်လျှင် ဘယ်လောက် `စီစီ`နှုန်းဖြင့် နို့ဝင်သွားသည်ကို ဘယ်သူသိနိုင်ပါမည်တဲ့လဲ။

ဖြည့်စွက်စာ စားသောကလေး၊
လူကြီးစာ စားသောကလေးများကိုလည်း `အစားကောင်းကောင်း မစားဘူး` ဟု ပြောကြပြန်သည်။ ဆိုလိုသည်က `တခြားကလေးတွေလောက် မစားဘူး` ဖြစ်ချင်ဖြစ်မည်။ ` ခါတိုင်းလောက် ခုတလော မစားဘူး` ဖြစ်ချင်ဖြစ်မည်။ ယှဉ်ကြည့်စရာ ကလေးတွေနှင့်ယှဉ်၍ ပြောခြင်းသာဖြစ်သည်။ တစ်နေ့ကို အသားဘယ်လောက်ဂရမ်၊ ထမင်း ဘယ်လောက် ကယ်လိုရီ၊ အဆီဘယ်လောက် စသဖြင့် တိုင်းတာ၍ ကျွေးနေကြခြင်းတော့လည်း မဟုတ်။
ကလေးအထူးကုဆရာဝန်များကလည်း ကလေးအစာကောင်းကောင်း မစားလို့ဟု ဆိုလျှင် အဲသလိုလိုက်၍တော့ တိုင်းတာပေးနေ နိုင်မည်မဟုတ်။ ဒါက Dietitican ခေါ် အာဟာရကျွမ်းကျင်သူလိုသည်။ ဒါမျိုးကလည်း ဒီနိုင်ငံတွင် များများစားစား မရှိသေး။ အဓိကတော့ ကလေးကိုယ်အလေးချိန် တိုးတက်နှုန်းကို သတ်မှတ် စံဇယားများတွင် ချကြည့်ကြမည်ပင်။ ပုံမှန်အလေးချိန် မတိုးတက်သသော ကလေးများကိုတော့ `အစာကောင်းကောင်း`မစားသည့် ကလေး` သို့မဟုတ်` နို့ကောင်းကောင်းမစိုးသည့်ကလေး` ဟု သတ်မှတ်လေ့ရှိသည်။ ဒါတောင် အမြဲတမ်းတော့လည်း စိုးရိမ်စရာမဟုတ်။

၃-၄ လဆက်တိုက် အလေးချိန်မတက်နိုင်သည့်ကလေး
တချို့ကလေးများ သူ့အသက်နှင့်သူ သတ်မှတ်ချက်ရှိရမည့် အလေးချိန်ထက် များစွာကျော်၍ တက်သွားတတ်သည်။ နို့စို့အရွယ်ကလေးများတွင် ပို၍တွေ့ရသည်။ နီ၊ စိမ်း၊ ဝါ ကတ်ပြားတွင် အစိမ်းကိုကျော်လွန်၍ အဖြူသားထဲ ရောက်သွားခြင်းမျိုးပေါ့။ ထိုကလေးမျိုးတွင် ပုံမှန်အစိမ်းထဲ ပြန်ဝင်နိုင်ရန်အတွက် ၃-၄လ အလေးချိန်မတက်ဘဲ ရှိတတ်သည်။ ဒါသဘာဝပဲမို့ စိုးရိမ်စရာ မရှိပါ။ အစိမ်းထဲရောက်လျှင် ဆက်တက်ပါလိမ့်မည်။

အလေးချိန်မှန်မှန်တက်နေသော်လည်း အစိမ်းထဲမဝင်သည့်ကလေး
Constitutional delay in growth and puberty ဟု ခေါ်သည်။ ယောက်ျားလေးများတွင် တွေ့ရတာများသည်။ သက်တူရွယ်တူ သူများတွေထက် နည်းနည်းလေးအမြဲညှက်၍ နောက်မှ လိုက်နေသည့် ကလေးမျိုးပေါ့။ လူပျိုဖော်ဝင်တာပါ နောက်ကျတတ်သည်။ လူပျိုဖော်ဝင်ပြီးလျှင်တော့ သူများတွေ အရပ်ထွက် ရပ်ပြီးသည့်အရွယ်မှာ သူက မရပ်ဘဲ တောက်လျှောက် ဆက်တက်သွားပြီး အချိန်တန်လျှင်တော့ ရှိသင့်သည့်အရပ်နှင့် ရှိသင့်သည့် အလေးချိန် ရှိသွားမည်။ စိုးရိမ်စရာမရှိ။

ပတ်ဝန်းကျင်က ကလေးတွေလောက် အလေးချိန်မပြည့်ဝသော ကလေး
ပတ်ဝန်းကျင်က ကလေးတွေ၏အလေးချိန် ပုံမှန်ဟု မည်သူအာမခံနိုင်မည်နည်း။ အကယ်၍များ ပတ်ဝန်းကျင်က ကလေးတွေ အားလုံးပုံမှန်ထက် အလေးချိန်များနေလျှင်ကိုယ့်ကလေးက ပုံမှန် အလေးချိန်ဖြစ်နေတာကို ပိန်နေသည်ဟု ကိုယ်က ထင်နေတတ်သေးသည်။ နီ၊ စိမ်း၊ ဝါ ကတ်ပြားထဲမှာ ချကြည့်လျှင်တော့ အဖြေမှန် ပေါ်သွားမည်။ အဖြေမှန်ပေါ်ပါက စိုးရိမ်စရာမရှိ။ အောက်ခံရောဂါတစ်ခုခု ( ဥပမာ တီဘီရောဂါ ) ရှိနေ၍ ပုံမှန် အလေးချိန် မတက်သော ကလေးများလည်း ရှိတော့ရှိသည်။ စမ်းသပ်ကြည့်၍ မသင်္ကာစရာ လက္ခဏာ ဘာမှမရှိသော ကလေးများကိုတော့ အောက်ခံရောဂါတစ်ခုခု ရှိနေမှာစိုး၍ဟုဆိုကာ သွေးစစ်၊ ဓါတ်မှန် ရိုက်ပြုလုပ်ပါက ရောဂါရှာဖွေ တွေ့ရှိမှုမှာ 1.4% ထက် မပိုဟု ဆိုသည်။ ဒီရောဂါတွေအကြောင်းတော့ ယခုဆောင်းပါးနှင့် သိပ်မဆီလျော်၍ ထည့်သွင်းမဖော်ပြလိုပါ။

ရင်သွေးတို့ ပုံမှန်ဖွံ့ဖြိုးတိုးတက် နိုင်ကြပါစေ။
ဆန္ဒမွန်ဖြင့်

ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်)

Credit To : perfectmagazine

ဆက်ဖတ်ရန်...

Migraine  

ရေးသားသူ ။ သီချင်းများ နဲ့  ထွက်ပေါက် ။

Migraine မိုက်ဂရိမ်း ဆိုတာ ဘာလဲ
မိုက်ဂရိမ်းဆိုတာ ဦးခေါင်းထဲမှာ အထူးသဖြင့် တစ်ဖက်တည်း (unilateral) မှာ အရမ်းပြင်းထန်တဲ့ နှလုံးခုန်သံလိုမျိုး (သို့မဟုတ်) ဦးခေါင်းထဲသို့ အလွန်ပြင်းထန်တဲ့ တုန်ခါမှုမျိုး ဖြစ်ပေါ်နေခြင်း တဒိတ်ဒိတ်၊ တဆစ်ဆစ် ကိုက်နေခြင်းကို ဆိုလိုပါတယ်။ ဘာတွေနဲ့တွဲပြီး ဖြစ်တတ်သလည်းဆိုတော့ ပျို့ခြင်း၊ အန်ခြင်း၊ အလင်းစူးစူးကို မခံနိုင်ခြင်း၊အသံ အနံ့ စူးစူးတွေကို မခံမရပ်နိုင်ဖြစ်ခြင်း တို့နဲ့ တွဲလာတတ်ပါတယ်။ ဒီခေါင်းကိုက်တာဟာ ခဏခဏ ဖြစ်ပေါ်လေ့ရှိပြီး မိုက်ဂရိမ်းခံစားရလေ့ရှိတဲ့ အသက်အရွယ်တွေမှာတော့ သိပ်ပြင်းထန်လေ့ မရှိပါဘူး။

အမျိုး အစားများ
မိုက်ဂရိမ်းကို သူတို့ ဖြစ်ပေါ်စေတဲ့ လက္ခဏာများအရ အမျိုးအစားများခွဲခြားနိုင်ပါတယ်။ ထင်ရှားတဲ့ ၂ မျိုးကတော့ Migraine with aura နဲ့ Migraine without aura တို့ပဲဖြစ်ပါတယ်။ အခြားသိပ်မထင်ရှားတဲ့ အမျိုးအစားတွေကတော့ Abdominal migraine, Basilar artery migranie, Carotidynia, Headache - free migraine (aura without migraine), Opthalmoplegic migraine/Ocular migraine နဲ့ Status migrainousus တို့ပဲဖြစ်ကြပါတယ်။အချို့သော မိန်းမတွေမှာ ရာသီလာနေစဉ် သို့မဟုတ် လာခါနီး အချိန်မှာ ဒီမိုက်ဂရိမ်း ရောဂါကို ခံစားကြရလေ့ရှိပါတယ်။ ဒီလိုမျိုး ခေါင်းကိုက်ခြင်းကို ရာသီမိုက်ဂရိမ်း (menstrual migraines) လို့ခေါ်ပါတယ်။ ဒါဟာ ဘာနဲ့ ဆက်နွယ်နေသလည်း ဆိုတော့ ဟော်မုန်းပြောင်းလဲမှုတွေ နဲ့ တခါတရံ (သို့မဟုတ်) ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဖြစ်ပေါ်တာ နည်းလေ့ရှိပါတယ်။ တချို့မိန်းမတွေမှာတော့ ပထမအကြိမ်ကိုယ်ဝန်ဆောင်ခြင်း နဲ့ သွေးဆုံးပြီးချိန်တွေမှာ မိုက်ဂရိမ်းကို ခံစားရလေ့ရှိပါတယ်။

Migraine with aura ဆိုတာဘာလဲ
ဆိုလိုတာကတော့ ဦးနှောက်ပိုင်းဆိုင်ရာ သဘာဝဖြစ်စဉ်များ (neurological phenomenon) aura က ခေါင်းမကိုက်ခင် ၁ဝ မိနစ် (သို့မဟုတ်) နာရီဝက်အလိုမှာ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ Auras အများစုဟာ အမြင်အာရုံနဲ့သက်ဆိုင်ပြီး အရာဝထ္ထုတွေ ပတ်လည်မှာ တောက်ပပြီးတံလျှပ်ကဲ့သို့ စူးရှတဲ့ အလင်းရောင်တွေ ခံစားရလေ့ရှိတယ်။ အမြင်အာရုံ မြင်ကွင်းရဲ့ အစွန်းတွေမှာ အဲဒီလိုမျိုးတွေ့ရလေ့ရှိပြီး အဲဒါကို Scintillating scotomas လို့ခေါ်ပါတယ်။ ကွေ့ကွေ့ ကောက်ကောက် လိုင်းတွေ Zigzag lines နဲ့မဖြစ်နိုင်သည်များကို စိတ်ကူးယဉ်ခြင်း Castles (teichopsia) နဲ့ တွန့်လိမ်နေတဲ့ ပုံရိပ်တွေကို တွေ့ရလေ့ရှိခြင်း ထင်ယောင်ထင်မှားဖြစ်ခြင်း hallucinations တွေနဲ့ တွဲလာလေ့ရှိပါတယ်။ ဒါ့အပြင် ယာယီအလင်း ပျောက်ကွယ်ခြင်း temporary vision loss လည်းဖြစ်နိုင်ပါသေးတယ်။ အမြင်အာရုံနဲ့ မသက်ဆိုင်တဲ့ Nonvisual auras ကတော့ ကြွက်သားအားနည်းခြင်း၊ စကားပြော အသံထွက် ဘာသာစကားမပီသခြင်း၊ ခေါင်းမူးခြင်း၊ အထိုင်အထတွင် မိုက်ခနဲမူးခြင်း၊ မျက်နှာပေါ် လျှာပေါ် နှင့် ခြေချောင်းလက်ချောင်းများတွင် ထုံခြင်းကျင်ခြင်း parasthesia တို့နဲ့ တွဲလာနိုင်ပါတယ်။

Aura ဆိုတာတကယ်တော့ ကိုယ့်ဆီကို မိုက်ဂရိမ်းက မတိုက်ခိုက်ခင် ကြိုတင်သတိပေးတဲ့ အာရုံခံစားမှု sensation တစ်ခုဖြစ်ပါတယ်။ Aura ကိုခံစားရတဲ့ လူတွေဟာ လေဖြတ်ဖို့ အခွင့်အလမ်းပိုများပါတယ်။ သိပ်ဖြစ်လေ့မရှိပါဘူး ဆို၍ ပေါ့ဆ၍ မနေသင့်ပေ။ ငယ်ရွယ်တဲ့မိန်းမတွေမှာတောင် မိုက်ဂရိမ်းဟာ ဖြစ်နိုင်တဲ့အတွက်ကြောင့်ပါ။ ကိုယ်ဝန်တားဆေး (OC pills လက်ညှိုးထိုးကဒ်) တွေနဲ့ ဆေးလိပ် သောက်ခြင်းဟာ လေဖြတ်ခြင်းကို မိုက်ဂရိမ်းမရှိတဲ့လူတွေထက် ၇ ဆ ပိုဖြစ်နိုင်တယ်ဆိုတာ သိကို သိထားရပါမယ်။

ဒါကြောင့် သင့်မှာ migraines with aura ရှိပြီဆိုလျှင်
ဆေးလိပ်ကို အတတ်နိုင်ဆုံး မြန်မြန်ဖြတ်ပါ။
ကိုယ်ဝန်တားဆေး (OC pill) တွေမသုံးပါနှင့်။ အကယ်၍ သုံးရမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးမသောက်ခင် လေဖြတ်နိုင်မည့် အခွင့်အလမ်းကို တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရမည့်ဆေးများမှာတော့ အများစုမှာ Ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးများ ဖြစ်ပြီး ဆရာဝန်နှင့်ပြသပါ။ သင့်ရဲ့ ရောဂါ လက္ခာနှင့် ရာဇဝင် history ပေါ်မူတည်ပြီး ဆေးတွေက ကွဲပြားသွားမှာ ဖြစ်ပါတယ်။ ယေဘူးယျအားဖြင့် ရတ်သတ္တပါတ်မှ လထိတိုင်အောင် စွဲသောက်ရလေ့ရှိပါတယ်။

ဘယ်လိုကာကွယ်မလည်း
မိုက်ဂရိမ်းကို ကာကွယ်ဖို့ကတော့ Beta Blockers ကဲ့သို့ ဆေးတွေ ဥပမာ propranolol, timolol, metoprolol, nadolol တွေရှိပါတယ်။ ဒီဆေးတွေက သင့်ဦးခေါင်းထဲမှသွေးလွှတ်ကြောတွေ ကျယ်ခြင်းကို Beta receptors တွေကို ပိတ်ပေးခြင်းအားဖြင့် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ သွေးခဲစေသောအရာ platelets တွေကိုစုစည်းခြင်းမှ ကာကွယ်ပေးပြီ သွေးတွေကို လွတ်လပ်စွာ စီးဆင်းစေမှာ ဖြစ်ပါတယ်။ Platelets ဆိုတာကတော့ သွေးခဲအောင်လုပ်ပေးတဲ့ အရာတွေပေါ့။ ဒါပေမယ့် Beta blockers တွေဟာ ပန်းနာရင်ကြပ်နဲ့ လုံးဝ မတည့်ပါဘူး။ အကောင်းဆုံးကတော့ ဆရာဝန်နှင့် စနစ်တကျ ကုသမှုခံယူခြင်း ပဲဖြစ်ပါတယ်။

Credit To : http://dts-medicaleducation.blogspot.com/

ဆက်ဖတ်ရန်...